Headline

Friday 7 October 2011

အသက်ကြီးသူများအတွက် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု

ဒီနေ့ခေတ်မှာ ဆေးပညာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုက တိုးတက်ခေတ်မီလာတာကြောင့် အရင်ကထက် အသက်ရှည်ရှည်နေနိုင်လာကြပြီ ဆိုပေမယ့် ဖောက်ပြန်လာတဲ့ ရာသီဥတုဒဏ်ကြောင့် အသက်ကြီးသူတွေ အသက်အန္တရာယ် ထိခိုက်လာနေပါတယ်။ အသက်ကြီးသူတွေ ကျန်းမာဖို့ဆိုရင် လက်ဆေးခြင်းက နေကာကွယ် ဆေးပုံမှန်ထိုးခြင်းအထိ လိုက်နာဖို့ လိုအပ်သလို အကြောင်းမရှိဘဲ ဝိတ်ကျခြင်း၊ အူအလေ့အထ ပြောင်းလဲခြင်း၊ အသက်ရှုမဝခြင်းစတဲ့ ကျန်းမာရေးသတိပေး လက္ခဏာတွေကိုပါ သတိထားရပါမယ်။ ဒါ့ပြင် ပုံမှန်ဂရုစိုက်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း အမြဲမပြတ် လိုက်နာနေသင့်ပါတယ်။
၁။ သွားနှင့် ခံတွင်း စောင့်ရှောက်မှု
ပုံမှန်သွားနဲ့ ခံတွင်း စောင့်ရှောက်မှုဟာ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ သွားတိုက်ရတာ၊ သွားကြားထိုးကြိုးသုံးရတာ အလုပ်ရှုပ်တယ်လို့ ထင်နေရင် သွားပျက်စီးတာကြောင့် အစာမစားနိုင်ဘဲ ကျန်းမာရေး အန္တရာယ် ကြုံတွေ့ရ နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သွားတိုက်ခြင်း၊ အစာစားပြီးတိုင်း ပလုတ်ကျင်းခြင်းနဲ့ သွားကြားထိုးကြိုး သုံးခြင်းစတဲ့ အခြေခံ သွားနဲ့ခံတွင်း စောင့်ရှောက်မှုခံယူဖို့ အရေးကြီးပါတယ်။ သွားဆရာဝန်နဲ့ ခြောက်လတစ်ကြိမ်ပြသဖို့လည်း မမေ့သင့်ပါဘူး။
၂။ အရေပြား စောင့်ရှောက်မှု
အရေပြားကို နုပျိုကျန်းမာနေအောင် စောင့်ရှောက်တဲ့နေရာမှာ အရေးကြီးဆုံးအချက်က နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ပါ။ အပြင်ထွက်မယ်ဆိုရင် ချည်သားလက်ရှည်ဝတ်ပြီး နေရောင်ကာခရင်မ်ကို မမေ့လျော့လိမ်းပေးသင့်ပါတယ်။ အရေပြားစောင့်ရှောက်မှုမှာ နောက်ထပ်သိသင့်တဲ့ အချက်ကတော့ အပြင်းစားဆပ်ပြာတွေ မသုံးဖို့နဲ့ အကြာကြီးရေမချိုးဖို့ပဲ ဖြစ်ပါတယ်။ အရေပြားကို ကြေးချွတ်သန့်စင်ဖို့ လိုအပ်ပါတယ်။ နေ့စဉ်စားတဲ့ အစားအသောက် ဟာလည်း အရေပြားကျန်းမာရေးကို အထောက်အကူပြုနေပါတယ်။ အရေပြားပေါ်က မှဲ့အပြောင်းအလဲတွေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။
၃။ မျက်စိစောင့်ရှောင့်မှု
အရာရာကို ရှင်းရှင်းလင်းလင်း မမြင်ရဘူးဆိုရင်၊ မျက်မှန်ကို မကြာခဏလဲနေရတယ်ဆိုရင် မျက်စိမှုန်တာတင်မကဘ မျက်စိမှာ ရောဂါတစ်စုံတစ်ရာ ရှိနေနိုင်ပါတယ်။ မျက်စိပုံမှန် စစ်ဆေးခြင်းဟာ သင်ရဲ့ မျက်စိအမြင်အပြောင်းအလဲကို မှန်ကန်အောင် ပြုပြင်နိုင်သလို မျက်စိရောဂါတွေကို အစောဆုံး အဆင့်မှာ သိနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ အဖြစ်များတဲ့ အတွင်းတိမ်ရောဂါနဲ့ အနီးမှုန်ခြင်းလို မျက်စိရောဂါတွေကို စောစောတွေ့ရှိ ကုသနိုင်ဖို့ တစ်နှစ်တစ်ကြိမ် မျက်စိဆရာဝန်နဲ့ ပြသင့်ပါတယ်။
၎။ အိပ်စက်ခြင်း
အသက်ကြီးလာလေလေ ညမှာကောင်းကောင်းအိပ်ပျော်ဖို့ ခက်ခဲလာလေလေပါပဲ။ အိပ်စက်ခြင်းထက် အလုပ်တာဝန်၊ အိမ်တာဝန်နဲ့ မိသားစုတာဝန်တွေ အကြောင်း တွေးတောတတ်လာတာကြောင့်ပါ။ ဘဝအဖော်ရဲ့ ဟောက်သံ၊ စီးပွားရေး အဆင်မပြေမှုတွေနဲ့ ကျန်းမာရေးမကောင်းခြင်းတွေကိုပါ ခံစားရရင် ပိုပြီးတောင် အိပ်ရေးပျက်နိုင်ပါသေးတယ်။ အိပ်ရေးပျက်တာဟာ အသက်ကြီးသူတွေအတွက် မကောင်းပါဘူး။ ဒါကြောင့် အိပ်မပျော်တဲ့ ပြဿနာကို လျစ်လျူရှုမထားဘဲ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲကြည့်ပါ။ မအိပ်ခင် တရားထိုင်ခြင်း၊ အကြောလျှော့ခြင်း၊ နွားနို့တစ်ခွက် သောက်ခြင်းစတဲ့ စိတ်ပြေလျော့ ကာ အိပ်ပျော်စေမယ့် နည်းတွေကို ကြိုးစားကြည့်ပါ။
၅။ စိတ်ကျန်းမာရေး
စိတ်ကျန်းမာရေး အခြေအနေမှာ ပုံမှန်နဲ့ ပုံမမှန်ကြားမှာ လိုင်းပါးပါးပဲရှိတာကြောင့် အတွေးတွေ၊ ခံစားချက်တွေနဲ့ အပြုအမှုတွေဟာ ပုံမှန်ဟုတ်၊ မဟုတ် ဆန်းစစ်နေဖို့ လိုပါတယ်။ ဒေါသကို ထိန်းချုပ်ခြင်းဟာ စိတ်ကျန်းမာရေးအတွက် အဓိကကျတဲ့ သော့ချက်ပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ ခင်မင်မှုနဲ့ စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ခြင်းတွေဟာလည်း စိတ်ကျန်းမာရေး ကောင်းစေတဲ့ အချက်တွေပါပဲ။ ဒါကြောင့် စိတ်ဓာတ်ကျပြီး ဝမ်းနည်းသောကရောက်ရမယ့် အတွေးတွေကို တတ်နိုင်သမျှ မေ့ပစ်လိုက်ပါ။
၆။ အလုပ်ခွင်စောင့်ရှောက်မှု
အသက်ကြီးတဲ့သူတွေ အလုပ်လုပ်တဲ့အခါ အလုပ်ခွင်နဲ့ ပတ်သက်တဲ့ အသုံးအဆောင်တွေအားလုံး ဘေးကင်းစိတ်ချရဖို့ လိုပါတယ်။ ထိုင်ခုံအနေအထား၊ အလင်းရောင်ရရှိမှု၊ ပတ်ဝန်းကျင်လုံခြုံမှုစတဲ့ အချက်တွေအားလုံးကို အမြဲစစ်ဆေးကာ ထိန်းညှိနေရမှာပါ။
အလုပ်မှာ အမြဲထိုင်မနေဘဲ ကိုယ်လက် လှုပ်ရှားပြီးနေမှသာ ကြွက်သားနဲ့ အရိုးတွေ သန်စွမ်းကျန်းမာမှာ ဖြစ်ပါတယ်။ အလုပ်ချိန်ကိုလည်း အသက်ငယ်စဉ် ကလို အချိန်ပြည့်မလုပ်နိုင်ရင် အလုပ်ရှင်နဲ့ ညှိနှိုင်းပြီး အချိန်ပိုင်း (Part-Time) သာ လုပ်သင့်ပါတယ်။

0 comments:

Post a Comment

Adsens