Headline

Monday 24 October 2011

ဘုရားသခင် တည်သော အိမ်ထောင် မိသားစု


ဘုရားသခင် တည်သော အိမ်ထောင် မိသားစု



            ထာဝရအရှင် ဘုရားသခင် ကလည်း၊ ယောက်ျားသည် တစ်ယောက်တည်း မနေကောင်း၊ သူနှင့်တော်သော အထောက်အမ ကို သူ့အဖို့ ငါလုပ်ဦးမည် ဟု အကြံရှိတော်မူ၏။ ထာဝရဘုရားသခင်သည် လူထဲက ထုတ်သောနံရိုးဖြင့် လူမိန်းမ ကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့်၍၊ ကိုယ် ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။ ထိုသူ လင်မယား နှစ်ဦးတို့သည် အဝတ်မဝတ်ဘဲ နေ၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်တော်မူ၏။က၊ ၂း၁၈,၂၂,၂၄,၂၅
            လူယောက်ျား နှင့် မိန်းမ အိမ်ထောင်ပြုဖို့သည် ဘုရားသခင်၏ ကောင်းမွန် မြင့်မြတ်သော အကြံအစည်ဖြစ်သည်၊ လူ့အကြံ မဟုတ်ပါ။ လူယောက်ျား နှင့် မိန်းမ ကို ဆုံတွေ့စေပြီး၊ ထိမ်းမြား ပေါင်းဖက်ပေးသူသည်လည်း ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူကိုယ်တိုင် ကြံဖန် ကြိုးစား လုပ်ယူစရာ မလိုပါ။
            ကောင်းသောအရာ ကို အစပြုသော ဘုရားသခင်သည် အဆုံးတိုင် ပြီးစီးအောင် ဘုရားသခင် ပင် တာဝန်ယူ လုပ်ဆောင်ပေးသည်။ ဖိ၊ ၁း၆
            ဘုရားသခင် ဖန်ဆင်းထားသည့် ပထမဦးဆုံး လူယောက်ျား နှင့် မိန်းမတို့သည် -------

က. ဘုရားသခင် ထားသည့် နေရာမှန်တွင် ရှိကြပြီး၊

ခ. စိတ်ထားမှန် ရှိကြလျက်
ဂ. ဘုရားသခင် ၏ ဦးဆောင် အုပ်စိုးခြင်း ရှိကြသည့်အတွက် သူတို့နှစ်ဦးသည် တစ်သားတစ်ကိုယ်တည်းဖြစ်သွားကြသည်။ ရှက်ကြောက်ခြင်းလည်း ကင်းလွတ်ကြသည်။ သူတို့နှစ်ဦး ဘုရားသခင် ၏ စကား ကို နားထောင် နာခံ နေသမျှ ကာလပတ်လုံး ------- ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ သာယာခြင်း၊ ကျန်းမာခြင်း ------- ရှိကြသည်။
            သူတို့နှစ်ဦး ဘုရားသခင် ၏ စကား ကို နားမထောင်တော့မှ ------- ရှက်ကြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ ပင်ပန်းခြင်း၊ဖျားနာခြင်း၊
သေခြင်း၊ ခံစားရသည်။
            လူများစွာသည် -------
            က. မှားသော နေရာမှာ နေ
            ခ. မှား သော စိတ်ထား
            ဂ. မှား သော လူ၏ ဦးဆောင် ခံရခြင်းကြောင့် ဘုရားသခင် ကြံရွယ်သည့် အိမ်ထောင်ဖက် နှင့် လွဲချော်ခြင်း ဖြစ်သည်။
ထိမ်မြားမင်္ဂလာဆောင်ခြင်းသည် သန့်ရှင်းသော၊ ဂုဏအသရေ ရှိသော သစ္စာသံဝါသပြုခြင်း ဖြစ်သည်။ ဗြဲ၊ ၁၃း၎ ။ ထိုကြောင့် မင်္ဂလာ အိပ်ယာ ကို မညစ်ညူးစေနှင့်၊ မတရားသောမေထုန် မပြုနှင့် ------- ဟု ဘုရားသခင် တားမြစ် သတိပေးခြင်း ဖြစ်သည်။
လင် နှင့် မယားသည် ထိမ်းမြားသည့် မင်္ဂလာဆောင်ပွဲ ကျမှ လူရှေ့ မှာ သစ္စာဆိုရခြင်း မဟုတ်ပါ။ ဘုရားသခင်ရှေ့ ၌ မင်္ဂလာဆောင်ပွဲ မတိုင်မှီ ဘယ်သူ့ ကို မှ စိတ်မဝင်စားခင်၊ အိမ်ထောင်ဖက်နှင့် မတွေ့မှီ၊ ငွေကြေး နှင့် လိင်ကိစ္စ၌ တစ်သက်တာလုံး သန့်ရှင်း ဖြောင့်မတ်ပါမည် ဟု ဝန်ခံ သစ္စာဆိုထားရသည်။ ငွေကြေးလို သေးငယ်သောအရာ ၌ သစ္စာရှိ မှ ကြီးမားသောအရာ၌ သစ္စာရှိနိုင်မည်။ သစ္စာပြုခြင်းသည် ပွဲဖြစ်ဖို့ ရွတ်ပြခြင်း လုပ်နေခြင်း မဖြစ်သင့်ပေ။
            အစ္စရေး လူမျိုးတို့သည် မိမိတို့ သားသမီး များကို ကလေးဘဝကပင် သန့်ရှင်းသော အိမ်ထောင်ဖက်ဖို့ ကျမ်းစာနှင့်အညီ သွန်သင် ပြင်ဆင်ထားနှင့်ပြီ။ အိမ်ထောင်ရေးသည် ဘုရားသခင် နှင့် ဘုရားသခင် စကားပေါ်တွင် အခြေခံ အုတ်မြစ်တည်သည့်အခါ အောင်မြင် ခိုင်မြဲခြင်း ရှိလာသည်။

မိတ်ဆွေဖြစ်ခြင်း

မိတ်ဆွေသည် ညီအစ်ကို မောင်နှမ စွဲကပ်သည်ထက် သာ၍ စွဲကပ် တတ်၏။ သု၊ ၁၈း၂၃
မိတ်ဆွေဖြစ်ခြင်းကြောင့် တစ်ဦး ကို တစ်ဦးချစ်၊ တစ်ဦး ၏ ချစ်ခြင်း ကို တစ်ဦး က လက်ခံ၊ တစ်ဦး ကို တစ်ဦး စာနာ၊ တစ်ဦး ကို တစ်ဦး ကူညီ၊ တစ်ဦး ကို တစ်ဦး ခွင့်လွတ် သည်းခံခြင်းဖြင့် မိမိ ၌ ပါရမီ တိုးစေ ပါသည်။
            သူငယ်ချင်း ကို ချစ်ခြင်းကြောင့် ကိုယ့်အကြိုက်၊ ကိုယ့်လုပ်ချင်တာများ ကို စွန့်လွတ်၊ နစ်နာခံခြင်းဖြင့် ငါ = အတ္တ ကို ငြင်းပယ် နိုင်စွမ်း ရှိစေပါသည်။ မိမိ ကို ချစ်သော သူငယ်ချင်း ၏ ဆန္ဒ ကို လိုက်လျောပြီး အနွံအတာ ခံ ရသည့် အတွက် မိမိ ကို ပို တိုးတက် ရင့်ကျက်စေသည်။
            အိမ်ထောင်ဖက် မဖြစ်ခင် မိတ်ဆွေကောင်း အရင်ဖြစ်သင့်သည်။ ဘုရားသခင် က ကျွန်ုပ်တို့အား မိတ်ဆွေသူငယ်ချင်း ထောင်သောင်းများစွာ ပေးထားသည်။ မိတ်ဆွေသူငယ်ချင်း နည်းသောသူသည် ------- မိမိ ၏ စာရိတ္တ ကို တည်ဆောက်ဖို့ ပါရမီဖြည့်ဖက်များ ဆုံးရှုံးရုံမက၊ တည်မြဲသည့် ကောင်းချီးများစွာ ပါ ဆုံးရှုံးကုန်သည်။ ဘုရားသခင်ပေးသည့် အိမ်ထောင်ဖက် နှင့် အခွင့်အရေးများလည်း ဘုရားသခင်ပေးသည့် မိတ်ဆွေသူငယ်ချင်းများထဲ မှ စီးလာသည်။ ကျွန်ုပ်တို့ အမြင်မှားကာ၊ လူမျိုး၊ ဂိုဏ်းဂန၊ ရှောင်လွဲနေသည့် အတွက် ပါရမီဖြည့်ဖက် များနှင့် ကင်းကွာ ဆုံးရှုံးခြင်း ဖြစ်သည်။ ဘုရားသခင် ပေးသည့် ကောင်းချီးလက်ဆောင် ထဲတွင် အဖိုးအတန်ဆုံး၊ အလိုအပ်ဆုံး၊ တည်မြဲသည့် ဘဏ္ဍာ နှင့် ဘုန်းစည်းစိမ် အရနိုင်ဆုံးမှာ ------- မိတ်ဆွေသူငယ်ချင်း ဖြစ်သည်။
            လွန်ခဲ့သည့် နှစ် သုံးဆယ်ကျော် မှ စ၍ အကျွန်ုပ် ၌ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဝါဒစွဲ မရှိခြင်းကြောင့် မြန်မာပြည် ရှိ လူမျိုးအားလုံး နှင့် သာမက၊ နိုင်ငံခြား မှ ယုံကြည် ခံယူချက်မတူသည့် မိတ်ဆွေသူငယ်ချင်းများ ကို ဘုရားသခင်ပေးပါသည်။ အကျွန်ုပ် ၏ ယုံကြည်မှုနှင့် ယခင်က မတူသော ထို မိတ်ဆွေများ ၏ စကား နှင့် ထိုသူတို့၏ ငြင်းပယ်ခံ ရခြင်းများသည် ယခု ကျွန်ုပ် ၏ ဘဝ ကောင်းစေဖို့ အကျိုးပြုစေသည့် အရာများ ဖြစ်လာသည်။ အကျွန်ုပ် ကို ဘုရားသခင် နှင့် ပိုနီးစေရုံ မက၊ ဘုရားသခင် နှင့် ပိုတူ လာစေသည်။
            သင့် ကို ဘုရားသခင် ပေးသမျှ မိတ်ဆွေအားလုံး သင့်အတွက် ကောင်းသည်။ သင် ၌ မိတ်ဆွေ ဘယ်နှစ်ဦး ရှိပြီလဲ၊ ဘယ့်လောက် ဆုံးရှုံးသွားပြီလဲ၊ လူမျိုးတကာ ၌ မိတ်ဆွေ ဘယ့်လောက် ရှိပြီလဲ၊ မိတ်ဆွေ စုံ လေ၊ ကောင်းချီး စုံ လေ ပဲ။

တစ်သား တစ်ကိုယ်တည်း ဖြစ်ကြသည်

            လင် နှင့် မယားသည် တစ်သား တစ်ကိုယ်တည်း ဖြစ်သည်၊ အဓိပ္ပါယ်မှာ ------- တစ်ဦး ထဲ ဖြစ်သွားပြီ ဟု ခံယူ အသက်ရှင် ရ တော့သည်။ ဆန္ဒသဘော တစ်ခု၊ ရည်ရွယ်ချက် တစ်ခုဖြင့် လုပ်ဆောင် အသက်ရှင် မှ ပျော်ရွှင် အောင်မြင်မှု ရှိမည်။
            ဆန္ဒ နှစ်မျိုး၊ ရည်မှန်းချက် နှစ်ခု ဖြင့် အိမ်ထောင် တစ်ခုတွင် မည်သို့ ပျော်ရွှင် နိုင်မည်နည်း။ တစ်သား တစ်ကိုယ်တည်း အဓိပ္ပါယ် နောက်တစ်ခုမှာ ------- အိမ်ထောင်ပြုပြီးနောက် လင် နှင့် မယားသည် သေခြင်း မှ တစ်ပါး ကွဲကွာခွင့် မရှိချေ။ ကွဲကွာလျှင် သစ္စာဖောက် ရုံမက၊ ဘဝဖေါ် ကို ဖေါက်ပြား ဖို့ လမ်းဖွင့် ပေးရာ ရောက်သည်။ ထို့ကြောင့် မည်သည့် အကြောင်း ဖြင့်မျှ လင် နှင့် မယား ကွဲကွာခွင့် မရှိချေ။ ဘုရားသခင် ၏ အလိုတော်မှာ တစ်သက်တာလုံး တစ်လင် တစ်မယား သာ ပေါင်းဖက် ရမည် ကို သတိပြုပါ။

မိမိ ကိုယ်ကို မပိုင်

            မိန်းမ သည် မိမိ ကိုယ်ကို မပိုင်၊ လင် သည် ပိုင်၏။ ထို နည်းတူ ယောက်ျားသည်လည်း မိမိ ကိုယ်ကို မပိုင်၊ မယားသည် ပိုင်၏။ အချင်းချင်း ခင်ပွန်းဝတ် ကို မပယ် မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ် ကို ပြုရသောအခွင့် ရှိစေခြင်းငှါ၊ သဘောတူ၍  ခင်ပွန်းဝတ် ကို ခဏမျှ မရှောင်ရ ဟု မဆိုလို။ ထိုသို့ရှောင်လျှင် ကိုယ်ကို မချုပ်တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသော အခွင့်မရှိစေခြင်းငှါ၊ နောက်တဖန် အတူနေကြလော့။ ၁ကော၊ ၇း၎,၅
            လင်ယောက်ျားသည် မိမိ ကိုယ်ကို မပိုင်ပါ၊ မယား က လင် ကို ပိုင်သည်။ ထို့အတူ ဇနီး က မိမိ ကိုယ်ကို မပိုင်ပါ၊ လင် က ဇနီး ကို ပိုင်သည်။ ထို့ကြောင့် မိမိ ၏ ကိုယ်ခန္ဓာ ကို အခြားလူ နှင့် အဖွဲ့အစည်းများ က အသုံးပြုခြင်း၊ လွှမ်းမိုးခြင်း ကို မခံစေရ။ မိမိ ဆန္ဒ နှင့် မိမိ အကြိုက် အတိုင်း အသုံးမပြုရ၊ အသက်မရှင်ရပါ။
            ဘာသာရေး၊ လူမူရေး၊ နိုင်ငံ့တာဝန် နှင့် အလုပ် ကို အကြောင်းပြပြီး၊ လင် နှင့် မယား ပေါင်းသင်း ဆက်ဆံ သည့် ဝတ် နှင့် လိင်ဝတ် ကို မရှောင် မပယ်ရပါ။ နှစ်ဦး သဘောတူပြီး ခေတ္တသာ ရှောင်ခွင့် ရှိပါသည်။ အကယ်၍ လင် နှင့် မယား ပေါင်းသင်းခြင်း ကင်းကွာလွန်းပါက ပြစ်မှားနိုင်စရာ ရှိမည်။ ဘုရားသခင် ကို ပထမ ဦးစားပေးပြီး ချစ်ရပါသည်။ ပြီးလျှင် မိမိ ၏ ဘဝဖေါ် ကို ဒုတိယ ဦးစားပေးပြီး ချစ်ရသည်။ ဘုရားသခင် ကို ချစ်သောသူသည် မိမိ ကိုယ်ကိုလည်း ချစ်တတ်လာသည်။

ဘုရားသခင် ၏ ချစ်ခြင်း

            ကျွန်ုပ်တို့သည် အပြစ်ရှိလျက်ပင် ဘုရားသခင်က ကျွန်ုပ်တို့ကို ချစ်သည်၊ သားတော် ယေရှု ကို အသေခံပေးသည့်တိုင် ကျွန်ုပ်တို့ကို ချစ်သည်။ ဘုရားသခင် ကျွန်ုပ်တို့ကို ချစ်ခြင်းမှာ ကျွန်ုပ်တို့ ထံ မှ ဘာမျှ ရယူ လိုချင်ဖို့ မရှိပါ။ ကျွန်ုပ်တို့ကို ပေးချင်စိတ်သာ ရှိပါသည်။ ဘုရားသခင် ၏ ချစ်ခြင်းသည် လူ ၏ ချို့ယွင်းချက်၊ ပျက်ကွက်မှု၊ အပြစ်ရှိသမျှ ကို ဖုံးကွယ် ခွင့်လွတ်၊ မေ့ပစ် နိုင်သည်။ အကျွန်ုပ်တို့ ၏ အပြစ် ကို ဘုရားသခင် မမြင်ခြင်း မဟုတ်ပါ။ မျက်ကွယ်ပြုခြင်းလည်း မဟုတ်ပါ။ ကျွန်ုပ်တို့ ဘယ်လောက်ပင် ဆိုးဆိုး ကျွန်ုပ် တို့ကို ဘုရားသခင် ချစ်မြဲ ဆက်ချစ်နေသည်။ 
            သို့သော် ကျွန်ုပ်တို့ကို ဘုရားသခင် ချစ်လွန်းသောကြောင့် ဖြစ်နေသည့် အတိုင်း ကျွန်ုပ်တို့ကို ဘုရားသခင် ဘယ်လိုမှ မကြည့်ရက်နိုင်၊ ဒီအတိုင်း မထားရက်နိုင်ပါ။ ကျွန်ုပ်တို့ကို ကောင်းစေလိုသောကြောင့် သားဖြစ်သော မိမိ ကို အဘ ဘုရားသခင် ဆုံးမပါသည်။
            လင် နှင့် မယားဖြစ်သွားသည်နှင့် ထိခိုက်လွယ်ဆုံး ဖြစ်တော့သည်။ တစ်ဦး နှင့် တစ်ဦး ၏ အမှား နှင့် အပြစ်များ ကို ဖုံးကွယ် မရအောင် တစ်ဦး ကို တစ်ဦး သိမြင် လာကြသည်။ ကြာလေ တစ်ဦး နှင့် တစ်ဦး မကြိုက်တာ ပိုပို တွေ့မြင် လာသည်။ ဘုရားသခင် ၏ ချစ်ခြင်း တစ်မျိုးတည်းသာ မကြိုက်တာကို တွေ့မြင်လျက် နှင့် ချစ်မြဲ ဆက်ချစ်နိုင်သည်။
I don’t like you, but I love you.
ဘုရားသခင် ၏ ချစ်ခြင်းမျိုးဖြင့် မိမိကိုယ်ကို ချစ်ရသည်၊ မိမိ ၏ ဘဝဖေါ် ကိုလည်း ဘုရားသခင် ၏ ချစ်ခြင်းဖြင့် ချစ်ရသည်။ ရော၊၅း၈။ ၁ကော၊၁၃။ ချစ်ခြင်း သာလျှင် ပြဿနာ အားလုံးကို ပြေလည် ဖြေရှင်းနိုင်သည်။
အိမ်ထောင်ပြုဖို့ အရေးအကြီးဆုံး နှင့် အလိုအပ်ဆုံးမှာ ချစ်ခြင်းမေတ္တာဖြစ်သည်။ ချစ်ခြင်းသည် ချစ်ခံဖို့ သာမကပါ၊ ချစ်တတ်ဖို့လည်း ဖြစ်သည်။
အိမ်ထောင်ပြုခြင်းသည် များစွာသော အကျိုးရလဒ် ဖြစ်စေနိုင်သလို များစွာသော ဆိုးကျိုး နှင့် ဆုံးရှုံးမှု့များလည်း ဖြစ်စေနိုင်သည်။ ပျော်ရွှင် ကျေနပ်မှု့ များစွာ ရနိုင်သလို ကြေကွဲ ဝမ်းနည်းမှု့များစွာ ခံစား ရဖို့လည်း ရှိသည်။ ထို့ကြောင့် -------
က. နေရာ မှန် မှာ သင် နေ ပါ။
                        ခ. စိတ်ထား မှန်အောင် မိမိကိုယ်ကို ပြင်ဆင်ပါ။
            ဂ. ဘုရားသခင် စကားကို နားထောင်ပြီး၊ ဘုရားသခင် ၏ ဦးဆောင် ဆုံးဖြတ်ခြင်း ကို ခံယူပါ။
                        အိမ်ထောင်ရေး ၌ ဘုရားသခင် ၏ ကောင်းချီး ကို သင် ခံစား ရမည်။

မိမိ ကိုယ်ကို ပေးရသည်

            ဘုရားသခင် ၏ ချစ်ခြင်းသည် ပေးကမ်းခြင်း ဖြစ်သည်၊ ရယူခြင်း မဟုတ်ပါ။ အိမ်ထောင်ပြုခြင်းသည် ဘဝ တစ်သက်လုံး အတွက် နှစ်ဦး နှစ်ဖက် ပဋိညာဉ်ပြုခြင်း ဖြစ်သည်။ မိမိ ၏ ချစ်သူ၊ မိမိ ၏ ဘဝဖေါ် သို့ မိမိ ကိုယ်ကို ပေးအပ်ခြင်း ဖြစ်သည်။
            Marriage is a lifetime commitment.
            အိမ်ထောင်ပြုခြင်းသည် မိမိ ၏ ဘဝဖေါ် သို့ မိမိကိုယ်ကို ပေးအပ်လျက် တစ်သက်တာလုံး ------- ချစ်ခင် ပေါင်းဖေါ် ပါမည်ဟု သစ္စာသံဝါသပြုခြင်း ဖြစ်သည်။ ဘယ်လို အခြေအနေမျိုး ကြုံရ ကြုံရ မခွဲ မခွာစေနှင့် ဟု ဘုရားသခင် မိန့်တော်မူသော စကားကို နှလုံးသွင်းလျက် အသက်ရှင်ပါ။

            မှန် တဲ့ အိမ်ထောင်ဖက် ကို ရှာနေခြင်းထက် မိမိကိုယ်ကို
                        မှန် တဲ့ အိမ်ထောင်ဖက် ဖြစ်ဖို့
                                     ပြင်ဆင်နေခြင်း သာ မှန်တယ်။

မိမိ အတွက် ဘုရားသခင် ရည်ရွယ် ပြင်ဆင်ထား တဲ့
အိမ်ထောင်ဖက် နဲ့ မစုံဖက် တဲ့ လူ ဟာ
                        ကောင်းချီးမင်္ဂလာ  လက်လွတ် ဆုံးရှုံးသွားတယ်။

ဘုရားသခင် ပေါင်းဖက် ထိမ်းမြား တဲ့
            ယောက်ျား နှင့် မိန်းမ ရဲ့ အိမ်ထောင်ဟာ
                        ခိုင်မြဲတယ်။

လူ သည် တစ်ယောက်တည်းထက် နှစ်ယောက် သာ၍ ကောင်း၏။ ကြိုးစား အားထုတ်လျှင်၊ ကောင်းသောအကျိုးကို ရတတ်၏။ တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်။ တစ်ယောက်တည်းသောသူ လဲလျှင်မူကာ၊ အကျိုးနည်းပြီ။ ထူသောသူ မရှိ။ လူ သည် နှစ်ယောက်အတူအိပ်လျှင် နွေးတတ်၏။ တစ်ယောက်တည်းသောသူ မူကား၊ အဘယ်သို့နွေးနိုင်သနည်း။ လူတစ်ယောက် သည် တစ်ယောက် ကို နိုင်လျှင် ထိုလူကို နှစ်ယောက် ဆီးတားနိုင်၏။ သုံးလွန်းတင်သော ကြိုးသည်လည်း အလွယ်တကူ မပြတ်တတ်။ ဒေ၊ ၄း၉-၁၂။

စုံမက်ခြင်း၊ နှစ်လိုခြင်း

            သူသည် စုံမက်တတ်သော သမင်မ၊ နှစ်လိုဖွယ်သော ဒရယ်မ ကဲ့သို့ ဖြစ်၍ သူ၏ သားမြတ် တို့သည် သင် ၏ အလိုဆန္ဒကို အစဉ်ပြေစေ၍ သူ့ ကို ချစ်သောစိတ် နှင့် အစဉ် ယစ်မူးလျက်နေလော့။ သု၊၅း၁၉
                                                                         ၁။ စုံမက်ခြင်း
                                                ၂။ နှစ်လိုခြင်း
                                    ၃။ မိမိ ၏ အလိုဆန္ဒ ကို အစဉ်ပြေစေ၍
                        ၄။ သူ့ကို ချစ်သောစိတ်နှင့် အစဉ် ယစ်မူးလျက်နေလော့။
            သန့်ရှင်းသော ဘုရားသခင် က  ကမ္ဘာလောကကြီး၊ လူသား နှင့် သတ္တဝါများ ကို ဖန်ဆင်းထားခြင်းဖြစ်ပါသည်။
  သန့်ရှင်းသော ဘုရားသခင် ကြံစည်၊ လုပ်ဆောင်ထား သမျှ အားလုံး သန့်ရှင်း ကောင်းမြတ် ပါသည်။ သန့်ရှင်း ကောင်းမြတ်သော ဘုရားသခင် လုပ်သမျှ မသန့်ရှင်းတာ၊ မကောင်းတာ မရှိပါ။
            ညစ်ညူးသည့် လောကထဲ မွေးဖွားလာသော ကျွန်ုပ်တို့ လူသားများက လောကကို အမြင်စောင်းနေကြခြင်း ဖြစ်သည်။ အနုတ်လက္ခဏာ၊ မကောင်းသောစိတ်ထားနှင့် ကြည့်မြင်နေကြသည်။
            အိမ်ထောင်ပြုခြင်း၊ လိင် ဆက်ဆံခြင်း ကို မကောင်းသောအရာ၊ ညစ်ညူးသောအရာ အဖြစ် လူသားများက လွဲမှားစွာ ခံယူတတ်ကြသည်။ ညစ်ညူး ယုတ်ညံ့သောစိတ် ရှိသော လူစားမျိုးသာ ခံယူ လုပ်ဆောင်သမျှအရာ ညစ်ညူး ယုတ်ညံ့ခြင်း ဖြစ်သည်။ သန့်ရှင်း မြင့်မြတ်သော စိတ်သဘော ရှိသောလူ အတွက် အိမ်ထောင်ပြုခြင်း နှင့် လိင် ဆက်ဆံခြင်းသည် သန့်ရှင်း ကောင်းမြတ်သော ကောင်းချီးမင်္ဂလာ ဖြစ်သည်။
            လင် နှင့် မယားသည် တစ်ဦး ကို တစ်ဦး လိုအပ်ကြသည်။ တစ်ဦး ၏ လိုအပ်မှု့ ကို တစ်ဦး က ဖြည့်ပေးဖို့ တာဝန်ရှိသည်။ လောက ကို ဘုရားသခင် မြင်သလို မြင်ပြီး၊ ဘုရားသခင် ခံစားရသလို ခံစားတတ်သောသူသာ ဘုရားသခင် ၏ ကောင်းချီး ကို ခံစားရမည်။

မှန် သော စိတ်ထား

            ထိမ်းမြား စုံဖက်ခြင်းသည် ဘုရားသခင် ၏ အကြံ၊ ဘုရားသခင် ကိုယ်တော်တိုင် ထိမ်းမြား စုံဖက်ပေးခြင်း ဖြစ်သည်။လူ က ကြံဖန် လုပ်ဆောင် ကြိုးစား ရခြင်း မဟုတ်ပါ။ ထိမ်းမြားခြင်းသည် သန့်ရှင်းသော၊ အသရေ ရှိသော ပေါင်းဖက်ခြင်း ဖြစ်သည်။
လင် နှင့် မယားသည် မိတ်ဆွေ ကဲ့သို့ သန့်ရှင်းသောချစ်ခြင်း နှင့် ချစ်ခင်ကြခြင်း ဖြစ်သည်။
လင် နှင့် မယားသည် တစ်သား တစ်ကိုယ်တည်း ဖြစ်၍ ကွဲကွာခွင့် မရှိပါ။
လင် နှင့် မယားသည် မိမိကိုယ်ကို မပိုင်သည့် အတွက် မိမိ ဆန္ဒ သဘောဖြင့် အသက်ရှင်ခွင့် မရှိချေ။
            မှန် တာ ရှိခြင်းကြောင့် မှား တာ လည်း ရှိသည်။
                        လူများစွာမှာ ------- အိမ်ထောင်ရေး နှင့် ပတ်သက်ပြီး ဘုရားသခင် ၏ အကြံအစည် နှင့် ဘုရားသခင် ၏ ပြင်ဆင်မှု ကို မသိ၊ သန့်ရှင်းသော စိတ်ထားလည်း မရှိသေးချေ။ အပိုင်ကြံဖို့ နှင့် အမြတ်ထုတ်ဖို့၊ အသုံးချဖို့၊ နိုင်ဖို့ ------- လွဲမှားသော စိတ်ထားကြောင့် ဘုရားသခင် ၏ ကောင်းချီး နှင့် လွဲချော်ရခြင်းဖြစ်သည်။
            ထို့ကြောင့် မိမိကိုယ်ကို မှန်သော စိတ်ထား ရှိအောင် ပြင်ဆင် ပြောင်းလဲဖို့ မှားသော အကြံ နှင့် စိတ်ထားများ ကို စွန့်ပစ်ရသည်။

မှားယွင်းသော စိတ်ထား
                                                                                                မိသားစု အတွင်း ပြဿနာ မှ လွတ်ကင်း ထွက်ပြေးဖို့
                                                                                    ကိုယ်ဝန် ရှိ လာခြင်းကြောင့် မယူမဖြစ်လို့
                                                                        ဝိုင်းဝန်း ဖိအားပေး ခံရခြင်းကြောင့်
                                                            တစ်ကိုယ်တည်း အထီးကျန်ခြင်းကြောင့်
                                                လုံခြုံမှု မရှိခြင်းကြောင့်
                                    အနာဂတ် အတွက် စိုးရိမ် ပူပန်ခြင်းကြောင့် ------- ခြေစုံပစ်ပြီး အိမ်ထောင်ကျလျှင် ထင်သလို ပြဿနာ မပြေလည် နိုင်ပါ။

ဆင်ခြင်ပါ
            မိမိ ကိုယ်ကို သိပါ ------- အိမ်ထောင်ပြုလျှင် ပေးရမည့် အဖိုးအခ၊
                  ကြုံရမည့် အခက်အခဲ များအတွက် မိမိ ကိုယ်ကို ပြင်ဆင် ပြီးပြီလား။
            ဘဝဖေါ် ကို သိပါ -------
                        တစ်သက်တာလုံး ပေါင်းဖော် မည့်သူ ကို သိကျွမ်း ရင်းနှီး ပြီးပြီလား။



ဆုတောင်း
            မေတ္တာရှင်ဘုရား ------- မှားသော အကျွန်ုပ် ၏ စိတ်ထားများ ကို အကျွန်ုပ် စွန့်ပစ်နိုင်အောင် အကျွန်ုပ် ၏ အမှားများ ကို ဖေါ်ပြတော်မူပါ။ ---  ဘုရား ------- ကိုယ်တော်မြင် သလို အရာခပ်သိမ်း ကို ကိုယ်တော်အမြင် နှင့် အကျွန်ုပ် ကို မြင်တတ်စေပါ။
--- ဘုရား ------- ကိုယ်တော် ၏ အကြံအောင်ဖို့ မိမိကိုယ်ကို ကိုယ်တော် ၏ လက်တော် ထဲသို့ ပေးအပ်ပါသည် --- ဘုရား -------။
                                                                                                                                                              အာမင်

အိမ်ထောင်ပြု သင့်လား

အိမ်ထောင်ပြုခြင်း သည် ဘုရားသခင် ၏ အကြံအစည် နှင့် လုပ်ဆောင်ချက် ဖြစ်သည်။ အိမ်ထောင်ပြု ဖို့ ဘုရားသခင် အလိုရှိသည်။ ထို့ကြောင့် ဘုရားသခင် ပြင်ဆင်ပေးသော အိမ်ထောင်ဖက် နှင့် ဘုရားသခင် ပြင်ဆင်သော အချိန်တွင် ဘုရားသခင် ၏ လုပ်ဆောင်ပေးခြင်း ကို ဝန်ခံကာ အိမ်ထောင်ပြု သင့်သည်။

သတိ

            မယား ကို ရသော သူသည် ကောင်းသော အရာကို ရသည် ဟု ကျမ်းစာ က ပြောပါသည်။ မိန်းမ ကို ရ သောသူ လို့ ကျမ်းစာ က မပြောပါ။ မိန်းမ နှင့် မယား အဓိပ္ပါယ် ကွာခြားပါသည်။ ဘုရားသခင် က မိမိ ကို ပြင်ဆင်ပေးတာ မယား ဖြစ်ပါသည်၊ မိန်းမ မဟုတ်ပါ။ မိမိ အတွက် ဘုရားသခင် ပြင်ဆင်သော မယားသည် မိမိ ၏ ဝိညာဉ်၊ စိတ်၊ ခန္ဓာ နှင့် ကိုက်ညီသော အထောက်အမ ဖြစ်အောင် လုပ်ပေးထားသည်။ သမ္မာသတိရှိသော မယား ကို ဘုရားသခင် ပေးသည်။ ထို့ကြောင့် မယား ကို ရသောသူသည် ကောင်းသောအရာ ကို ရ၍ ထာဝရဘုရား ၏ ကျေးဇူးတော် ကို ခံရ၏။ က၊ ၂း၁၈။ သု၊ ၅း၁၈,၁၉။ ဒေ၊၉း၉။ သု၊၁၀း၂၂။ ၁၉း၁၄။    
            ဘုရားသခင် ၏ ပြင်ဆင် လုပ်ဆောင်ပေးခြင်း ကို ခံယူသော လင် နှင့် မယားသာ အံဝင်ဂွင်ကျ ဖြစ်နိုင်ပြီး၊ အထောက်အမ ဖြစ်မည်။ ကောင်းမြတ်ခြင်း နှင့် ကျေးဇူးတော် ခံစား ရသည်။
            မိန်းမ တိုင်း ကောင်းသော မယား မဖြစ်နိုင်ပါ။
                        မယား ကို ရခြင်း သာ ကောင်းသောအရာ ကို ရခြင်းဖြစ်သည်။
            မိန်းမ ဖြစ်ရုံဖြင့် ကိုယ့်မယား မဖြစ်နိုင်ပါ။          ကမ္ဘာ ပေါ်တွင် မိန်းမ သန်းသုံးထောင်ကျော် ရှိသော်ငြားလည်း အကျွန်ုပ် အတွက် အထောက်အမ ဖြစ်စေမည့် ကျွန်ုပ် နှင့် တော်သော မယား တစ်ယောက်တည်းသာ၊ ဘုရားသခင် ပြင်ဆင်ထားသည်။ ထိုအတူ
                        ယောက်ျားတိုင်းသည် ကောင်း သော လင် မဖြစ်နိုင်ပါ၊
            လင် ကို ရခြင်း သာ ကောင်းသောအရာ ကို ရခြင်းဖြစ်သည်။
လင် နှင့် မယား ဖြစ်သော
            အာဒံ နှင့် ဧဝ၊ ဣဇက် နှင့် ရေဗက္ကာ၊ သတို့သား ခရစ်တော် နှင့် ခရစ်တော် ၏ သတို့သမီး သည် ဘုရားသခင် ရွေးကောက်၊ ခွဲခန့်၊ သန့်စင်၊ ပုံသွင်း၊ ပြင်ဆင်ထား ခံရသူများ ဖြစ်ကြသည်။ လင် နှင့် မယား ဖြစ်ခြင်းသည် မတော်တဆ accident ဖြစ်ခြင်း မဟုတ်ပါ။ incidence ဘုရားသခင် ကြံစည်၊ ပြင်ဆင်၊ လုပ်ဆောင်ချက် ဖြစ်သည်။
            မိမိ ကိုယ်ကို ဘုရားသခင် ၏ အကြံအစည် စီမံကိန်း ထဲ မပေးအပ်
ဘုရားသခင် ၏ အသစ်ပြုပြင်၊ သန့်စင်၊ ပုံသွင်းခြင်း ကို မခံယူ သူသည် ကောင်းချီးမင်္ဂလာ ဆုံးရှုံးသောသူ ဖြစ်သည်။

မှားယွင်းသော ယူဆချက်များ

            ဘုရားသခင် လုပ်ပေးသည့် တော်သော suitable အထောက်အမ helper သည် ဘာ ကို မဆိုလိုသလဲ။
same, similar = တူသော၊ မျိုးတူ၊ တစ်စားတည်း၊ တစ်မျိုးတည်း ------- ကို မဆိုလိုပါ။
ဘုရားသခင် ဖန်ဆင်းသည့် လူ ၏ ပုခုံးဆစ်သည် ၃၆၀ံ လှုပ်ရှား လှည့်ပတ်နိုင်ခြင်း ကြောင့် အသုံးအဝင်ဆုံး၊ အကောင်းဆုံး အဆစ်ဖြစ်ခြင်း မှာ ball and socket ဘောလုံးဖု နှင့် ချိုင့်ခွက် ၏ လိုက်ဖက်ညီပြီး အံဝင်ဂွင်ကျခြင်းကြောင့် ဖြစ်သည်။
            စက်မှု အင်ဂျင်နီယာ အတတ်ပညာရှိသူ ဖြစ်ပါက၊ မော်တော်ယာဉ် နှင့် စက်ပစ္စည်း ၌ ဘောလုံးဖု နှင့် ချိုင့်ခွက် ball and socket ၏ အံဝင်ဂွင်ကျ အသုံးဝင်မှု ကို နားလည် သဘောပေါက် ကြသည်။ ဘောလုံးဖု နှင့် ချိုင့်ခွက် တစ်မျိုး နှင့် တစ်မျိုး ၏ ပုံသဏ္ဌာန် နှင့် လှုပ်ရှားမှု ကွာခြားခြင်းကြောင့် အသုံးတည့်ပြီး အဖိုးတန်နေခြင်း ဖြစ်သည်။
 လူစီးသော ဖိနပ် တော်ခြင်း ၏ အဓိပ္ပါယ် မှာ ------- ဖိနပ် ထဲ ခြေဝင် ဆန့်ပြီး အံဝင်ဂွင်ကျ လိုက်ဖက်လျက် လမ်းလျှောက်သည့် အခါ ထိခိုက် နာကျင်မှု မှ ကွယ်ကာခြင်း၊ သက်သာ လွယ်ကူခြင်း အကျိုးကျေးဇူးများ ခံစားရသည်။ တော်သော အထောက်အမ စကားသည် ဘာကို မဆိုလို သလဲ။ ပုံသဏ္ဌာန်တူ၊ မျိုးတူခြင်း ကို မဆိုလိုပါ။ လူခြေ က ဘုရားသခင် ဖန်ဆင်းထားခြင်း ဖြစ်ပြီး၊ ဖိနပ်က လူတီထွင်သည့် ကြက်ပေါင်စေး ဖြစ်သည်။ မျိုးမတူ၊ ပုံသဏ္ဌာန် မတူပါ။ သို့သော် တော်သော အထောက်အမ ဖြစ်ပါသည်။ ခြေစွပ် တော်တယ်၊ ဘောင်းဘီ တော်တယ်၊ အင်္ကျီ တော်တယ်၊ ဦးထုပ် တော်တယ်၊ မျက်မှန် တော်တယ်၊ ------- စကားသည် ဘာကို မဆိုလို သလဲ။ ပုံသဏ္ဌာန်တူ၊ မျိုးတူခြင်း ကို မဆိုလိုပါ။
            ကာဣန နှင့် ရှေသ မျိုးဆက် တို့သည် တစ်ဆူတည်းသော စစ်မှန်သော ဘုရား ကို ကိုးကွယ်ကြခြင်ူးကြရုံ မက၊ ဘာသာစကားတူ၊ လူမျိုးပါ တူကြပါသည်။ ဒီမျိုးဆက် နှစ်မျိုး တူညီမှု့ထက် ကွာခြားချက် က ပို အရေးကြီး ပါသည်။ ကာဣန ------- မျိုးဆက် က မှန်သော ဘုရားသခင် ကို မိမိ ၏ ကြိုးစားခြင်း အကျင့် နှင့် ကောင်းမှုဖြင့် ကိုးကွယ်ကြခြင်း ဖြစ်ပြီး၊ ရှေသမျိုးဆက် က သိုးသူငယ် ၏ သွေးသွန်းခြင်း ကို ယုံကြည်လျက် မှန်သော ဘုရားသခင် ကို ကိုးကွယ်ကြသူများ ဖြစ်သည်။ သိုးသူငယ် အဖြစ် အသေခံ သွေးသွန်းသည့် ယေရှုခရစ် ကို ယုံကြည်သော ခရစ်ယာန် နှင့် ဘာသာရေး ကျင့်ဝတ် အပေါ် စိတ်ချသော ခရစ်ယာန်များ ကွာခြားပါသည်။
            ဧသော နှင့် ယာကုပ် လည်း မွေးနေ့ချင်းတူ၊ မိဘချင်းတူ၊ လူမျိုးချင်းတူ၊ ဘုရားချင်းတူ ကြငြားလည်း မတူသော ကွာခြားချက်များ က ပို အရေးကြီး ပါသည်။ ထို မတူသော ကွာခြားမှု ကြောင့် ကာဣန နှင့် ရှေသ၊ ဧသော နှင့် ယာကုပ်တို့ ၌ God ’s favor ဘုရားသခင် ၏ မျက်နှာသာပေးခြင်း နှင့် God ’s blessing ဘုရားသခင် ၏ ကောင်းကြီးမင်္ဂလာပေးခြင်း ကွာခြား သွားခြင်းဖြစ်သည်။
            လူ့အမြင် ၌ လူမျိုး၊ ဘာသာတူငြားလည်း ဘုရားသခင် အမြင် ၌ ကွာခြားချက် များစွာရှိပါသည်။ လူ့အမြင် က အရေးမကြီးပါ၊ ဘုရားသခင် အမြင် က အရေးကြီးပါသည်။ ဘုရားသခင် မြင်သလို ဘုရားသခင် ၏ အမြင်ဖြင့် မြင် မှ ပညာရှိ ဖြစ်သည်။ ထာဝရတည်သည့် အစစ်၊ အမှန် ကို ဘုရားသခင် မြင်သည်။
            တစ်ခါက မိုးမလင်း မှီ နံနက် ၄ နာရီခန့် နွားလှည်းများဖြင့် လာကြိုကြကာ ------- ရွာ တစ်ရွာ သို့ ခရီးဆက်ကြပါသည်။ ကျွန်ုပ်တို့ စီးသည့် နွားလှည်း က မွန်းတည့် မတိုင်မှီ နံနက်စာ စားကြရသည်။ ကျွန်ုပ်တို့ ညစာစားပြီး နေဝင်ချိန်ကျမှ အခြားလှည်း တစ်စီး ရောက်လာသည်။ ဘာ့ကြောင့် နံနက် အချိန်မှီ ပြန်မလာ သလဲ ? မေးရာ ------- ထမ်းဘိုး မညီ သည့် နွားနှစ်ကောင်ကြောင့် လမ်းဘေး တစ်ဘက် သို့ တစ်လမ်းလုံး ထိုးဆင်း နေကြောင်း ပြောပြပါသည်။ နွား ကို မရွေးချယ်ဘဲ ကြုံရာ နွား ကို လှည်းတစ်စီးတွင် တွဲဖက် ဆွဲ စေသည့် အတွက် ဒုက္ခရောက်သွားကြောင်း ပြောသံ ကို ကြား ရ ၍ သင်္ခဏ်းစာ ရခဲ့ပါသည်။
            နွား ဖြစ် လို့ မျိုးတူ တိုင်း ထမ်းပိုး မညီတတ်ပါ
                        လူမျိုးတူ တိုင်း ထမ်းပိုး မညီနိုင်ပါ
            ဘာသာချင်းတူ၊ ဘုရားချင်းတူ လည်း ထမ်းပိုး မညီ နိုင်ပါ။
အိမ်ထောင်ရေး ပြောသည့်အခါ ------- လူမျိုးတူ၊ ဘာသာတူ၊ စိတ်တူ ------- တာတွေ ရွေးချယ်ဖို့ လူ့အစွဲ၊ လူ့အကြံ၊ လူ့အမြင်၊
လူ့အကြိုက်၊ လူ့ယူဆချက်၊ လူ့ ခံယူချက်ဖြင့် ------- မှားယွင်းစွာ အကြံပြု သွန်သင်နေကြဆဲ ရှိသည်။
သင့် စိတ်နှလုံး၊ အတွေး နှင့် အမြင် ကို လူမျိုးစွဲ၊ ဝါဒစွဲ၊ စိတ်ထားကျဉ်း၊ ပညာမဲ့ သူများ ၏ ကန့်သတ်ဘောင်ခတ်ခြင်း ကို သင်ခံ့နေသမျှ ကာလပတ်လုံး ------- ဘုရားသခင် ပေးသည့် ပါရမီဖြည့်ဖက် နှင့် သင် လွဲချော် ဆုံးရှုံးမည်။ လူ့အမြင်၊ လူ့စကားကို နားထောင်သည့် အစ္စရေးလ် လူမျိုးတို့သည် ဘုရားသခင် ပေးသည့် ကောင်းချီး နှင့် အမွေ ဆုံးရှုံး သကဲ့သို့ သင်လည်း လူ့အမြင်၊ လူ့စကားကို လက်ခံ ပါက ဘုရားသခင် ပေးသည့် ကောင်းချီး နှင့် အမွေ လက်လွတ် ဆုံးရှုံးသွားမည်။
            အတွေးခေါ်ကျဉ်း
                        အမြင်ကျဉ်း
                                    စိတ်ထားကျဉ်း
            စိတ်တိုသူချင်း၊ စိတ်မြန်သူချင်း၊ စိတ်ထွေပြားသူချင်း၊ အပျင်းထူသူချင်း၊ ထုံပေသူခြင်း၊ ခေါင်းမာသူချင်း ------- တွဲဖက်လျှင် ဘာဖြစ်မည်နည်း။ တစ်ဖက်စောင်းနင်း အသက်တာမျိုး ဖြစ်နေမည်။ Balance life တစ်ဦး ကို တစ်ဦး တည့်မတ်ပေးဖို့ မရှိသည့် အတွက် တိုးတက်လာစရာ မရှိတော့ချေ။
            တစ်ဦး ၏ ချို့ယွင်း လိုအပ်မှု့ ကို တစ်ဦး က ဖြည့်ပေးကာ၊ စုံလင် ပြည့်ဝ လာဖို့ ဘုရားသခင် က အိမ်ထောင်ဖက် ပေးခြင်း
ဖြစ်သည်။ ထို့ကြောင့် လင် နှင့် မယား ပေါင်းဖက်ခြင်းဖြင့် လင် + မယား = တစ်  ဖြစ်လာသည်။

အိမ်ထောင်မပြုခြင်း ၏ ဆိုးကျိုးများ

၁။ ချစ်သူ တစ်ဦးတည်း အပေါ်၊ အာရုံတစ်စု တစ်စည်းတည်း၊ single mindedness မရှိဘဲ စိတ်ထွေပြား ပြန့်လွင့်နေတတ်သည်။
၂။ ပါရမီဖြည့်ဖက် မစုံလင်ခြင်းကြောင့် မပြည့်ဝ၊ မစုံလင်သည့် အဖြစ်၌ ရပ်တန့် သွားသည်။
၃။ သွေးဆောင် ခံရမှု များသည်။
၎။ စုံစမ်းမှု့ နောက်သို့ လိုက်ပါ လွယ်သည်၊ မတရားသော မေထုန်ပြုမိ နိုင်သည်။ AIDS အေ့စ်ရောဂါဆိုး ရသွားနိုင်သည်။
၅။ အသက်ကြီး မှ မစမည့် သားသမီး လိုအပ်ကြောင်း နောင်တရမည်။

အိမ်ထောင်ပြုခြင်း ၏ အကျိုးကျေးဇူးများ

၁။ ဘုရားသခင် အလိုတော်အတိုင်း ------- ချစ်သူ တစ်ဦးတည်း အပေါ် တစ်သက်တာလုံး၊ တစ်စိုက်မတ်မတ် ချစ်ခင်
ပေါင်းဖက် သွားဖို့   စိတ် ကို ပြတ်ပြတ် သားသား ဆုံးဖြတ်လျက် စိတ် တည်ငြိမ်ခွင့် ရသွားသည်။
၂။ သွေးဆောင်မှု့ နှင့် စုံစမ်းခံရခြင်း ကို အသက်တာ တစ်လျှောက်လုံး ဆက် တွေ့ကြုံသော်လည်း ဘုရားသခင် ၌ ဆုံးဖြတ် ရပ်တည်
ချက် ဆက်လက် ခိုင်မြဲအောင် ဘုရားသခင် ၏ ကျေးဇူးတော် လုံလောက်ပါသည်။
၃။ ယောက်ခမများ၊ ယောက်ဖ နှင့် ခယ်မများ၊ ကြီးဒေါ် နှင့် ဦးကြီးများ၊ [ရွှေ] ဆွေမျိုးများ နှင့် ပေါင်းဖော် ဆက်ဆံ ပွတ်တိုက်၊
ထိခိုက် ပွန်းပဲ့ မိစရာ ရှိသည့် အတွက် ပါရမီဖြည့်ဖက်များ တိုးလာသည်။
၎။ ရမည့် သားသမီး အားဖြင့် ကောင်းချီးများစွာ ဆင့်ပွားစရာ ရှိပါသေးသည်။
၅။ မိမိ ၌ ရှိသည့် မေတ္တာရှင်ဘုရား၊ မိမိ ၌ ရှိသော ခရစ်တော် ၏ သဘော သဏ္ဌာန်ကို သားသမီးများ ၌ စိုက်ပျိုး ဆင့်ပွား ကာ၊
            ဘုရားသခင် ၏ နိုင်ငံတော် ကို ကျယ်ပြန့် ကြီးထွား စေနိုင်သည်။

အိမ်ထောင်ပြု စောခြင်း ၏ ဆိုးကျိုး

၁။ အသက် ၂၀ အောက် စောပြီး အိမ်ထောင်ကျခြင်းကြောင့် ပညာ မပြည့်စုံသည့် အတွက် ဝိညာဉ်၊ စိတ်၊ ခန္ဓာ -------
သုံးပိုင်း စလုံး အညွန့်ချိုး ခံရသည်။
၂။ အသက် ၂၀ အောက် စောပြီး၊ ကလေးမွေးသည့် မိခင် နှင့် ကလေးများ အသေအပျောက် ၅ ဆ ပိုများသည်။
၃။ သား သမီးများ ကို လောကပညာ နှင့် ဝိညာဉ်ရေး ကိုယ်တိုင် သွန်သင်တတ်ဖို့ ချို့တဲ့မည်။
၎။ အသက် ၂၀ အထိ အိမ်ထောင်ရေး ၌ စိတ် လုံးဝ ကင်းရှင်း မှ ရာနှုန်းပြည့် ပညာ အပြည့်အဝ ဆည်းပူးနိုင်မည်။

အိမ်ထောင်ပြု နောက်ကျခြင်း  ဆိုးကျိုး

၁။ လင် နှင့် မယား လိုက်ဖက်ဖို့ ညှိရခက်ပြီ။
     ပညာ၊ ရာထူး ------- မာန်မာန အရှိန် တက်ကောင်းနေဆဲ
၂။ ကလေးရဖို့ ခက်သည်။
၃။ ကလေးရပါက မွန်ကို = ကျပ်မပြည့်သည့် ကလေး ရတတ်သည်။
၎။ တစ်ဖက် ဆွေမျိုးများ နှင့် ဆက်ဆံရ ခက်သည်
ဝါးမျှစ် သုံးဆစ်ကျော်လျှင် စားလို့ မကောင်းသလို
                        အသက် သုံးဆယ်ကျော် အမျိုးသမီးများ အိမ်ထောင်ပြု ဖို့ ခက်ခဲသွားပြီ။

ဘာကြောင့် အိမ်ထောင် မပြု သလဲ

၁။ မပြုချင် လို့ မဟုတ်၊ အိမ်ထောင် မပြုရဲလို့
က.   မှားယွင်း သည့် သွန်သင် ပြောဆိုချက် များကို နားထောင် ခံယူခဲ့လို့
 ခ.   ဘုရားသခင် ၏ ရည်ရွယ်ချက် နှင့် အလိုတော် ကို မသိ၊ မယုံလို့
 ဂ.   အိမ်ထောင်ပြု မှား သော သူများ ကို မြင် ရလို့
ဃ.   မိမိကိုယ် ၌ က အရည်အချင်း မရှိ လို့ 

အဖြေ
            က. --------------------
             ခ.  --------------------
             ဂ.  --------------------
                                    ကိုယ်တိုင် ဆက်ဖြေပါ။

ဆင်ခြင် ပြင်ဆင်ရန်

၁။ အိမ်ထောင်ပြု ဖို့ ဘာအရည်အချင်း ရှိ ဖို့ လိုမလဲ။
၂။ အိမ်ထောင်ပြု ဖို့ အရည်အချင်း ရှိအောင် မိမိကိုယ်ကို ဘယ်လို ပြင်ဆင် ရမလဲ။
၃။ ဘယ်သူ က မိမိ ကို အရည်အချင်း ရှိအောင် ပြင်ဆင်ပေးမလဲ။                                                 
 ရွှေလင်းယုန်

0 comments:

Post a Comment

Adsens