Headline

Tuesday 8 November 2011

သင်မထင်မှတ်ထားသော သင့်ကို အန္တရာယ်ပေးနေသည့် အရာများ


1. ဆေးနဲ့ ကိုလာ(Cola) တွဲသောက်လို့ အသက်ဆုံးပါး ၊

2. သင် မထင်မှတ်ထားသော သင့်ကို အန္တရာယ်ပေးနေသည့် အရာများ ၊
3. ခါးပတ်ကျပ်ကျပ်တွေ ပတ်ရင် ခန္ဓာကိုယ်စနစ်ကို ထိခိုက်စေနိုင်သလား ၊
4. ထိပ်ပြောင်ပါက ဆီးကျိတ်ကင်ဆာ နှစ်ဆပိုဖြစ်နိုင် ၊
5. အစားအသောက် စားတဲ့အခါ ကျန်းမာရေး ကောင်းဖို့နဲ့ အာဟာရ ပြည့်ဝဖို့ အတွက် ဘာကို ရွေးချယ် စားသင့် ၊
6. မိန်းကလေးများအတွက်သတိပြုစရာ ကော်ဖီထုတ် ၊
7. နော်နီ သို့မဟုတ် ဆေးဖက်ဝင် ရဲယိုပင် ၊
8. သင်္ဘောသီးနှင့်ကျန်းမာရေး ၊
9. မျက်ကွင်းညိုခြင်း အကြောင်းများ နှင့် ကာကွယ်နည်းများ ၊
10. အသံကို မထိခိုက်စေရန် စကားကို တိုးတိုးဖွဖွမပြောသင့် ၊
11. အနီရောင်အသားကို လျှော့၍ စားသုံးခြင်းက ကင်ဆာရောဂါဖြစ်ပွားမည့် ဘေးဥပဒ်ကို လျော့ကျစေနိုင် ၊
12. ကလေးငယ်များတွင် ရုတ်တရက်ဖြစ်ပေါ်သော အသက်ရှူလမ်းကြောင်း ရောဂါသည် အေးသောရာသီနှင့် ရာသီအကူးအပြောင်းတွင် အဓိကဖြစ်ပွားပြီး အသက်အန္တရာယ် စိုးရိမ်ရ ၊
13. အများသုံးရေကူးကန်မှာ ပိုးမွှားကင်းဝေးစေရန် ၊

ဆေးနဲ့ကိုလာ(Cola)  တွဲသောက်လို့ အသက်ဆုံးပါး

 ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်းကိုလူတိုင်းနှီးပါးသိပြီးကြမယ်လို့ထင်ပါတယ်။

မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ-
ဒီကနေ့ ဂျစ်တူးအကိုရဲ့ သူငယ်ချင်းတစ်ယောက်စင်္ကာပူကိုရောက်လာခဲ့ပါတယ်။အပျော်ထွက်-ဈေးဝယ်လာတာတော့မဟုတ်ပါဘူး။သူမရဲ့ ချစ်ဆုံးယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ ရသူပါ။
လက်ထပ်ထားတာမှတစ်နှစ်တောင်မပြည့်သေးပါဘူးတဲ့ ။သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို့ -
အလုပ်ထွက်ဖို့ ဆိုတာတော်တော်ခက်လို့ ယောက်ျားရှိတဲ့နေရာမှာလည်း မလိုက်လာနိုင်။ ယောက်ျားကလည်း သူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို့  အနေဝေးနေကြတာပေါ့။
နောက်နှစ်ဆိုရင်တော့အတူတူနေလို့ ရပါပြီ။ (ဒီလိုအတွေးကလေးတွေနဲ့ ရာမလေးတစ်ယောက်ပျော်နေခဲ့ တာပေါ့)
ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။
ဆရာမလေးယောက်ျား တစ်ယောက်မြန်မာနိုင်ငံထုတ်အကြောဖြေဆေးနဲ့ ပက်စီသောက်မိလို့  သေဆုံးသွားပါတယ်။ မနက်ဖြန်ဆိုရက်လည်နေ့ပေါ့။
ဒီလိုသတင်းတွေကြားနေရတာတော်တော်များနေပါပြီ။ ပြီးခဲ့တဲ့သုံးပတ်လောက်ကလည်း ပါတာစီတစ်မော့နဲ့ ကိုကာကိုလာသောက်မိလို့ သေသွားတဲ့ မြန်မာအမျိုးသား တစ်ယောက်လည်း ဆုံးပါးသွားပါပြီ။
သူ့ခေါင်းတွေကိုက်လွန်းလို့ ပါတာစိတစ်မော့ကိုသောက်တယ်တဲ့ (ဆေးရက်စွဲမကုန်သေးပါဘူး) နဲနဲကြာတော့ရင်တွေပူလွန်းလို့ ဆိုပြီးကိုကာကိုလာသောက်လိုက်တယ် (သူ့အမျိုးသမီးကိုယ်တိုင်ရေခဲသတ္တာ ထဲကယူပေးလိုက်တာပါ)။ ခဏနေတော့ပါးစပ်ထဲကအမြုပ်တွေထပြီး မူးလဲသွားလို့ ဆေးရုံကိုပို့လိုက်ရပါတယ် အဲဒီဆေးရုံသွားတဲ့လမ်းမှာပဲအသက်ဆုံးသွားခဲ့ပါတယ်။
အရင်ဆုံးကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့သူငယ်ချင်းအရင်းခေါက်ခေါက်ကိုယ်တိုင်ပါဘဲ။
ကုန်လွန်ခဲ့တဲ့သုံးလလောက်က ဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံထုတ် ညော်ထွက်တဲ့ဆေးတစ်မျိုးကို သောက်ပြီးတော်တော်ကလေးကြာမှ ပက်စီကိုသောက်လိုက်တာ တခါတည်းအသက်ပါ ပါသွားလိုက်တာပါ။
ကြားခါစမယုံမကြည်ဖြစ်မိပါတယ်။ ဒီလောက်သန်သန်မာမာ
ကျန်းမာရေးအထူးဂရုစိုက်တဲ့သူတစ်ယောက်သေတယ်ဆိုတော့ ဘယ်လိုမှမယုံကြည်မိပါဘူး။
တကယ်တန်းမီးခိုးငွေ့တွေအဖြစ် ကြုံရတော့မယုံကြည်လို့မရတော့ပါဘူး။
နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းတသင်းများကိုစကားတိုးတိုးပြောပေးပါ။ အထက်ပါအကြောင်းအရာတွေကိုပါ။ မဖြစ်အောင်တားလို့ ရပါတယ်။ တစ်ယောက်ကြည့်လို့ တစ်ယောက်သိရင် တစ်ယောက်အသက်ကိုကယ်တင်ရာရောက်ပါတယ်။ ဘလော့တွေအားလုံးကဖြစ်ဖြစ် - ပြန့် ပွားအောင် သိသူများအောင် ဖေါ်ထုတ်ပေးကြပါ။ အောက်ကဗွီဒီယိုကလစ်ကလေးကတော့ ပူရှိန်းသကြားလုံးကလေးတွေနဲ့ ပက်စီ-ကိုကာကိုလာ-ကုတ်စတာတွေနဲ့ စမ်းသပ်ထားတာအမျိုးမျိုးကိုတွေ့  မြင်ရမှာဖြစ်ပါတယ်။
လူအသက်တစ်ချောင်းကယ်ကောင်းပါတယ်ဗျာ- တစ်ယောက်အားနဲ့ မရပါဘူးအများသိဖို့ အများမှာတာဝန်ရှိပါတယ်။ သင်သိတာကလေးကို မျှဝေသိစေခြင်းဖြင့်ကုသိုလ်ယူကြပါ။


သင်မထင်မှတ်ထားသော သင့်ကို အန္တရာယ်ပေးနေသည့် အရာများ

(၁) ဆိုဒီယမ် လော်ရိုင်းဆာလဖိတ် (Sodium Lauryl Sulfate)


ဘာဖြစ်စေသလဲ - ပါးစပ်အနာ
SLS ဟာ သွားတိုက်ဆေးအများစုမှာ သန့်ရှင်းရေးပစ္စည်းအနေနဲ့ ပါဝင်နေပါတယ်။ ဒါပေမယ့် ခံတွင်းထဲက ဘက်တီးရီးယား အလွှာကို ပြောင်းလဲသွားစေပြီး တစ်သျှူး တွေကို မသက်မသာဖြစ်စေကာ ပါးစပ်အနာ ကို ဖြစ်စေနိုင်ပါတယ်။
ပါးစပ်အနာမဖြစ်အောင် - SLS မပါတဲ့ သွားတိုက်ဆေးကို ပြောင်းသုံးပါ။ ဒါ့အပြင် ခံတွင်းမသက်မသာဖြစ်စေနိုင်တဲ့ နာနတ်သီးလိုမျိုး အက်စစ်ကဲတဲ့အသီးတွေကို လျှော့စားပေးပါ။

(၂) သကြားမပါသော ပီကေ

ဘာဖြစ်စေသလဲ - ဝမ်းပျက်ဝမ်းလျှောခြင်း

သကြားမပါတဲ့ပီကေဟာ Sorbitol နဲ့ Mannitol တို့နဲ့ ချိုအောင် လုပ်ထားတဲ့အတွက် ဒီပါဝင်ပစ္စည်းနှစ်မျိုးစလုံးကို ခန္ဓာကိုယ်ကနေ အလွယ်တကူ မစုပ်ယူနိုင်ပါဘူး။ ဒီနှစ်မျိုးစလုံးပါတဲ့ ပီကေကို အလွန်အကျွံစားတာက ရေကို အူထဲများများ ဆွဲယူနိုင် တာကြောင့် ဝမ်းပျော့ပျော့ သွားစေနိုင်ပါတယ်။
ဝမ်းမလျှောအောင် - သကြားမပါတဲ့ ပီကေစားတာက သကြားပါတဲ့ ပီကေစားတာထက် ခံတွင်းကျန်းမာရေးအတွက်တော့ ပိုကောင်းပါတယ်။ ဒါပေမယ့် အလွန်အကျွံစားရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတာကြောင့် လျှော့စားသင့်ပါတယ်။


(၃) ကော်ဖီအလွန်အကျွံသောက်ခြင်း


ဘာဖြစ်စေသလဲ - ဗိုက်အောင့်ခြင်း
ကဖင်းဓာတ်ဟာ အက်စစ်အထွက်များစေပြီး အစာအိမ်ကို မအီမသာဖြစ်စေကာ ဗိုက်အောင့်စေနိုင်ပါတယ်။
ဗိုက်မအောင့်အောင် - ကဖင်းဓာတ်မပါတဲ့ ကော်ဖီကို ပြောင်းသောက်ပါ။


(၄) ဒိန်ခဲနှင့် ဟော့ဒေါ့မုန့်


ဘာဖြစ်စေသလဲ - ခေါင်းကိုက်ခြင်း
ဒိန်ခဲမှာ တိုင်ယာမင်း (Tyramine) ဆိုတဲ့အမိုင်နိုအက်စစ်ပါဝင်နေပါတယ်။ ဟော့ဒေါ့မှာတော့ နိုက်ထရိုက် (Nitrites) ပါဝင်နေပါတယ်။ ဒီအစာနှစ်မျိုးစလုံးဟာ သွေးစီးဆင်းမှုကို ကမောက်ကမဖြစ်စေကာ ခေါင်းကိုက်စေပါတယ်။
ခေါင်းမကိုက်အောင် - တိုင်ယာမင်းပေါများစွာပါဝင်ပြီး ကျပ်တင်ထားတဲ့ အသား၊ အချဉ်ဖောက်ထားတဲ့ သနပ်၊ အမှည့်လွန်နေတဲ့ သစ်သီး၊ ဝိုင်နဲ့ ဘီယာတွေကို ရှောင်ပါ။ ဒါ့အပြင် ဟော့ဒေါ့မုန့်ကိုလည်း အလွန်အကျွံမစားပါနဲ့။


(၅) ကျပ်လွန်းသော ဖိနပ်စီးခြင်း


ဘာဖြစ်စေသလဲ - ခြေဖမိုးနဲ့ ခြေဖဝါးနာကျင်ခြင်း
ကြွက်သားတွေဟာ ကျုံ့ဆန့်လိုက်၊ ဖြေလျော့လိုက်လုပ်တဲ့ အစိတ်အပိုင်းပါ။ ခြေထောက်နဲ့ မတော်တဲ့ ဖိနပ်ကျပ်ကျပ်ကို အချိန်ကြာကြာ စီးထားတဲ့အခါ ခြေဖမိုးနဲ့ခြေဖဝါးနာကျင် ရတတ်ပါတယ်။
ခြေထောက်ပြဿနာကင်းဝေးအောင် - ဖိနပ်ကြောင့် ခြေထောက်တွေ နာကျင် နေတယ်လို့ ခံစားရရင် တင်းနစ်ဘောလုံးတစ်လုံးပေါ်မှာ ခြေနင်းပြီးလှိမ့်ပေးရင် သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။ ကြွက်သားတွေလည်း ပြေလျော့စေပါတယ်။ နေ့စဉ်လုပ်ပေးနိုင်ပါတယ်။


(၆) ရေပူချိုးခြင်း

ဘာဖြစ်စေသလဲ - အသားအရေခြောက်သွေ့ခြင်း

ရေပူချိုးတာနဲ့ ဆပ်ပြာတိုက်တာတွေဟာ အစိုဓာတ်ကို ထိန်းပေးထားတဲ့ အရေပြား ဆဲလ်တွေကို ကွာကျစေပါတယ်။ အရေပြားမှာရှိတဲ့ သဘာဝအဆီတွေကိုပါ ဆေးကြော လိုက်သလို ဖြစ်သွားတာကြောင့် အရေပြားတွေ ခြောက်သွေ့သွားတာပါ။
အသားအရေမခြောက်သွေ့အောင် - ရေပူနဲ့ချိုးတဲ့အခါ ခပ်မြန်မြန်ချိုးပါ။ ပြီးရင် အစိုဓာတ်ထိန်းပေးနိုင်တဲ့ ဆပ်ပြာအမျိုးအစားကိုသုံးပါ။ ရေချိုးပြီးတဲ့အခါမှာလည်း ခြောက်သွေ့အောင်သုတ်ပြီးခါစမှာပဲ အစိုဓာတ်ထိန်းလိမ်းဆေး (Moisturizing Ointment) ကိုလိမ်းပေးပါ။


(၇) ညစာစားပြီး ပူရှိန်းစားခြင်း


ဘာဖြစ်စေသလဲ - ရင်ပူခြင်း
ညစာကို အများကြီးစားပြီးချိန်မှာ ပူရှိန်းသကြားလုံး၊ ပီကေ စတာတွေကို စားလိုက်တာဟာ အစာအိမ်နဲ့ အစေရေမျိုပြွန်ကြားက ကြွက်သားစုကို ပွင့်စေကာ အက်စစ်ဆန်တက်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ရင်ပူရတာပါ။
ရင်ပူခြင်းကင်းဝေးအောင် - ညစာစားတဲ့အခါ အများကြီးမစားပါနဲ့။ ဖြေးဖြေးနဲ့ ကြေညက်အောင် ဝါးစားပါ။ ရင်ပူစေတဲ့ ဆီကြော်စာ၊ ချောကလက်၊ အဆီများအသား၊ အယ်လ်ကိုဟော၊ ကဖင်းပါတဲ့ သောက်စရာနဲ့ အက်စစ်ဓာတ်လွန်ကဲတဲ့ ခရမ်းချဉ်သီး၊ ချဉ်တဲ့သစ်သီး စတာတွေကို လျှော့စားပါ။

Ref : Good Health


ခါးပတ်ကျပ်ကျပ်တွေ ပတ်ရင် ခန္ဓာကိုယ်စနစ်ကို ထိခိုက်စေနိုင်သလား

ခါးပတ်တွေကို တင်းကျပ်နေအောင် ပတ်တာဟာ သွေးထိန်းစည်းလိုပဲ အစာချေဖျက်မှု စနစ်ရဲ့ လှည့်ပတ်စီးဆင်းမှုကို အဟန့်အတား ဖြစ်စေပါတယ်။ တင်းကျပ်လွန်းတဲ့ ဘောင်းဘီတွေဟာလည်း ဝမ်းဗိုက်အပေါ် ဖိအားများစေပြီး အစာတွေ ရွေ့လျားသွားလာနိုင်ဖို့ ခက်စေတယ်လို့ ကန့်ဆေးတက္ကသိုလ်က အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပါမောက္ခ ရက်ဆဲလ်က ဆိုပါတယ်။
အစာအိမ် အက်စစ်တွေဟာ အပေါ်ကို ဆန်တက်ပြီး ရင်ပူခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခါးနဲ့ ဝမ်းဗိုက်နေရာမှာ တင်းကျပ်နေအောင် စည်းနှောင်ထားတာဟာ အူတွေ ကို မသက်မသာဖြစ်စေပြီး ဗိုက်အောင့်စေပါတယ်။ ဒါကြောင့်သင်ဝတ်တဲ့ ဘောင်းဘီ၊ ခါးပတ် စတာတွေ ကြားထဲကို ပူးထားတဲ့ လက်ညှိုးနှစ်ချောင်း ထည့်ကြည့်လိုက်လို့ ရှောရှောရှူရှူ ဝင်သွားတယ်ဆိုမှသာ ဝတ်ဆင်ပေးပါ။ ဘောင်းဘီတွေ ဝယ်ယူတဲ့အခါမှာလည်း သင့်ခါးအရွယ်အစားအတိုင်း မဝယ်ပါနဲ့၊ မဝယ်ခင်မှာ ဝတ်ကြည့်ပြီး သင့်ခါးနဲ့ ဗိုက်ကို သက်သောင့်သက်သာ ရှိစေတယ်ဆိုမှသာ ဝယ်ပါ။

Ref: Good Health


ထိပ်ပြောင်ပါက ဆီးကျိတ်ကင်ဆာ နှစ်ဆပိုဖြစ်နိုင်

ပါရီ - အသက် ၂၀ သို့ ရောက်ရှိ လာသောအခါ ဆံပင်စတင်ကျွတ် သော ရောဂါလက္ခဏာကို ခံစားရသူများသည် ဆီးကျိတ်ကင်ဆာ ရောဂါ ဖြစ်ပေါ်လာနိုင်ခြေ နှစ်ဆပိုမိုရှိကြောင်း သုတေသနတစ်ခု၏ ရလဒ်အရ သိရှိရသည်။
ကိုယ်ခန္ဓာတွင်းရှိ အကျိတ်များ လေ့လာရေးပညာစာစောင် Annals of Oncology တွင် စောစီးစွာ အဆိုပါ ရောဂါရှိမရှိ စစ်ဆေးပြီး မကြာခဏ ပြန်လည်စစ်ဆေးသင့်သော ယောက်ျားများအား ကူညီ၍ ရှာဖွေသတ်မှတ်နိုင်လိမ့်မည်ဖြစ်ကြောင်း အဆိုပါသုတေသန ပြုသူများက ပြောကြားသည်။
ဆီးကျိတ်ကင်ဆာသည် ကမ္ဘာပေါ်တွင် ယောက်ျားများအဖြစ်အများဆုံးသော (အရေပြားကင်ဆာမဟုတ်သည့်) ကင်ဆာရောဂါ တစ်မျိုးဖြစ်ပြီး အဆုတ် ကင်ဆာရောဂါရပြီးလျှင် ၎င်းကင်ဆာသည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတွင် ယောက်ျားများ အများဆုံး အသက်ဆုံးရှုံးခံရသည့်ရောဂါဖြစ်သည်။
အဆိုပါ သုတေသနပြုမှုအရ အသက် ၃၀ နှင့် ၄၀ တိုင်အောင် ဆံပင်စတင် မကျွတ်သော ယောက်ျားများတွင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုမိုခြင်း မတွေ့ရှိရကြောင်း သိရှိရသည်။
သို့သော် အသက် ၂၀ တွင် ဆံပင် ကျွတ်စပြုသည့် (ဆရာဝန်များက ၎င်း အခြေအနေကို အန်ဒရိုဂျီးနစ်အလိုပီးရှား ဟုခေါ်သည်) ယောက်ျားများအဖို့မှာ ဖြစ်နိုင်မှုအန္တရာယ် နှစ်ဆပိုမိုကြောင်း တွေ့ရှိခဲ့ကြသည်။
အေအက်ဖ်ပီ
ခင်အောင် ဘာသာပြန်သည်။

အစားအသောက် စားတဲ့အခါ ကျန်းမာရေး ကောင်းဖို့နဲ့ အာဟာရ ပြည့်ဝဖို့ အတွက် ဘာကို ရွေးချယ် စားသင့်လဲ

အစားအသောက် စားတဲ့အခါ ကျန်းမာရေး ကောင်းဖို့နဲ့ အာဟာရ ပြည့်ဝဖို့ အတွက် ဘာကို ရွေးချယ် စားသင့်တယ် ဆိုတာကို သိနိုင်အောင် ရေးသား လိုက်ရပါတယ်။



(၁)ဟင်းသီး ဟင်းရွက်နှင့် ဟင်းသီးဟင်းရွက် ဖျော်ရည်

သကြားထည့်ထားတဲ့ သစ်သီးဖျော်ရည်တွေနဲ့ မတူတာက ဆိုဒီယမ် နည်းပါးတဲ့ ဟင်းသီးဟင်းရွက် ဖျော်ရည်ဟာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အာဟာရဓာတ် ပါဝင်မှု များပါတယ်။ သင့်အနေနဲ့ ဟင်းသီးဟင်းရွက်တွေကို အလုံအလောက် မစားဖြစ်ဘူးဆိုရင် ဟင်းသီးဟင်းရွက် ဖျော်ရည်ကို  ရွေးချယ်တာက ပိုကောင်းပါတယ်။ ဟင်းသီးဟင်းရွက် ဖျော်ရည်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဓာတ်တိုးဆန့်ကျင် ပစ္စည်းများများ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျစေပြီး ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ မုန်လာဥနီ ဖျော်ရည်လို ဟင်းသီးဟင်းရွက် ဖျော်ရည်ကို သောက်ပေးနိုင်ပါတယ်။



(၂) လတ်ဆတ်တဲ့ သစ်သီးနှင့် သစ်သီးခြောက်


 သစ်သီးခြောက်တွေဟာ အာဟာရဓာတ် ပြည့်ပြည့်ဝဝ ပါဝင်ပေမယ့် အလေးချိန်အားဖြင့် လတ်ဆတ်တဲ့ သစ်သီးတွေထက် ကယ်လိုရီ နှစ်ဆကျော် ပါဝင်နေပါတယ်။ ဒါ့အပြင် ရေပါဝင်မှု နည်းတာကြောင့် သင့်အနေနဲ့ သစ်သီးခြောက် စားတဲ့အခါ စိတ်ကျေနပ်မှု ရအောင် များများ စားပေးရပါတယ်။ အလတ်စား လိမ္မော်သီး တစ်လုံးမှာ ၆၂ ကယ်လိုရီ၊ သကြား ၁၂ ဂရမ်နဲ့ ဗိုက်ပြည့်စေတဲ့ အမျှင်ဓာတ် သုံးဂရမ်တို့ ပါဝင်နေပါတယ်။ လိမ္မော်ရည် တစ်ခွက်မှာတော့ ၁၁ဝ ကယ်လိုရီ၊ သကြား ၂၂ ဂရမ် ပါဝင်ပြီး အမျှင်ဓာတ် လုံးဝမပါဝင်ပါ။ ဒါကြောင့် သစ်သီးအများစုက သစ်သီးဖျောရည်၊ သစ်သီးခြောက် အများစုထက် အာဟာရဓာတ် ပိုပြီး ပြည့်ဝနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သစ်သီးကို မစားဖြစ်ခဲ့ရင်တော့ သစ်သီးခြောက်ကို စားပေးတာက အကောင်းဆုံးပါ။


(၃) ဝက်ပေါင်ခြောက်နှင့် ကြက်ဆင်သားခြောက်


 ကြက်ဆင်သားဟာ ဝက်ပေါင်ခြောက်နဲ့ ယှဉ်ရင်တော့ အဆီနည်း အသားဖြစ်ပါတယ်။ ကြက်ဆင်သားဟာ ရာနှုန်းပြည့် ကောင်းတဲ့ အသားတော့ မဟုတ်ပါဘူး။ ကြက်ဆင်သား ခြောက်ဟာ ပုံမှန် ဝက်ပေါင်ခြောက်လိုပဲ ဆိုဒီယမ်တွေ အပြည့်ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှုက သိပ်ကွာခြားမှု မရှိပါဘူး။ ဒါကြောင့် အသားခြောက်တွေကို စားမယ်ဆိုရင် အသင့်အတင့်သာ စားသင့်ပါတယ်။




(၄) ဒိန်ခဲမာနှင့် ဒိန်ခဲပျော့


ဒိန်ခဲတွေရဲ့သက်တမ်းက ရင့်လာတဲ့အခါ အစိုဓာတ် ဆုံးရှုံးသွားပြီး ကယ်လိုရီနဲ့ အဆီဓာတ်ကြောင့် ပိုမို သိပ်သည်း လာတတ်ပါတယ်။ ကယ်လိုရီ ပမာဏကို လျှော့ချဖို့အတွက် နှစ်ချို့နေတဲ့ ဒိန်ခဲ (ဒိန်ခဲမာ)ကို စားတဲ့အခါ နည်းနည်းပဲ စားပါ။


(၅) ပုံမှန် မြေပဲထောပတ်နှင့် အဆီလျှော့ မြေပဲ


 ထောပတ်အဆီ လျှော့ထားတဲ့ မြေပဲထောပတ်မှာ ရိုးရိုးမြေပဲ ထောပတ်ထက် ကယ်လိုရီ ပါဝင်မှု ပိုနည်းတာကြောင့် မြေပဲထောပတ် စားမယ်ဆိုရင် အဆီ လျှော့ထားတာကို စားတာက ပိုကောင်းပါတယ်။

မိန်းကလေးများအတွက်သတိပြုစရာ ကော်ဖီထုတ် 

ကာမစိတ်ကို နှိုးဆွနိုင်သော ကော်ဖီမစ်များ ဈေးကွက်အတွင်း တရားမ၀င်လမ်းကြောင်းများမှတစ်ဆင့် တွင်ကျယ်စွာတင်သွင်းရောင်းချနေခြင်းကြောင့် လူငယ်များ အကြားအသုံးချမှု မှားယွင်းကာမလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်လာနိုင်စရာရှိကြောင်း၊ ယင်းကဲ့သို့ဖြစ်လာနိုင်သည့် အခြေအနေများကိုတွေးဆ၍ မိဘများနှင့်ဆရာ၊ ဆရာမတချို့မှာလည်း စိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။

ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။ အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေးခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။
ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူကြကြောင်းတွေရှိရသည်။
ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများသတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။
ကော်ဖီ၏ ဈေးနှုန်းမှာလည်း အများဝယ်ယူသုံးစွဲ နိုင်သော အနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ၀ယ်ယူမှုနှုန်းများလာကြောင်းသိရသည်။
ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိုးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။
နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။

နော်နီ သို့မဟုတ် ဆေးဖက်ဝင် ရဲယိုပင်

'နော်နီ' ဆိုလို့ တိုင်းရင်းသူ တဦးရဲ့ အမည်လို့ ထင်မှတ်ကြမှာပါ။ ဗမာပြည် တနံတလျား၊ ကျယ်ကျယ် ပျံ့ပျံ့ သိကြ၊ ကြားဖူးကြ၊ သုံးလေ့သုံးထ ရှိတာကတော့ ရဲယို'။
'ရဲယို' ဆိုတဲ့ အနွတ္ထအမည်ရဲ့ ဇာတိဇစ်မြစ်သမိုင်းကြောင်းကို ကျနော်မသိပေမယ့် နော်နီအမည်က လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော် လောက်ကတည်းက ပြင်သစ်ပိုင်ပိုလီနီးရှား ကျွန်းစုများ၊ ပစိဖိတ် သမုဒ္ဒရာရှိကျွန်းများ၊ မာရှယ် ကျွန်းစုများမှာ ပေါက်ရောက်တဲ့ အပင်တမျိုး။ အဲဒီဒေသမှာရှိတဲ့ ဒေသခံ လူမျိုးနွယ်တွေရဲ့ မိရိုးဖလာ၊ ရှေးရိုးအစဉ်အလာ၊ တိုင်းရင်းဆေးပင်လို့ သိထားပါတယ်။ နောက်ပြီး ဒီ 'ပိုလီနီရှန်း' တွေကပဲ သူတို့ ရွှေ့ပြောင်းနေထိုင်ရာတလျှောက် ယူဆောင် စိုက်ပျိုးကြလို့တောင် ပစိ ဖိတ်ကျွန်းများ ကို ပျံ့နှံ့ သွားတယ်လို့လည်း သမိုင်း မှတ်တမ်းများ အရ သိရပါတယ်။
ဩစတေးလျတိုက်ကို စတွေ့တယ် ဆိုတဲ့ သင်္ဘော ကပ္ပတိန် ဂျိန်းစ်ကွတ် ဆိုသူက သူရောက်ခဲ့တဲ့ နေရာဒေသတွေထဲက 'တီဟီတီ' ကျွန်းမှာ နော်နီပင် (Noni) နော်နီသီး တွေကိုအစားအစာ၊ ဆေးဖက် ၀င် ပစ္စည်းအဖြစ် အသုံးပြုကြောင်း၊အစောဆုံး ကာလ ၁၇၇၀ နှစ်က ရေးတဲ့ မှတ်တမ်းများမှာ ဖော်ပြ ထားပါတယ်။
'နော်နီ' လို့ ခေါ်တဲ့ ရဲယိုပင်၊ ရဲယိုသီး အကြောင်း ပြောတော့မယ်ဆိုရင် အတူယှဉ်တွဲပြီး ခုအခါမှာ လူသိများကြတာက 'တီဟီတီ' တို့ဟာ ၀ိုင်အီဆိုတဲ့ပစိဖိတ် သမုဒ္ဒရာ ထဲက ကျွန်းနိုင်ငံ တွေပါ။
ဒီကနေ့ ကမ္ဘာ့တိုင်းရင်းဆေးဖက်ဝင် ပစ္စည်းတွေထဲမှာ 'တီဟီတီ-နော်နီ' ဖျော်ရည် ဆိုတာ ကမ္ဘာကျော်
တွေပါ။ ပစိဖိတ်သမုဒ္ဒရာ၊ ကျွန်းစုများက စတင်လိုက်တာ နောက်ပိုင်းမှာ ရဲယိုပင်၊ ရဲယိုသီးဆိုတာ ဩစတေးလျ၊ မလေးရှား၊ မလေးကျွန်းဆွယ်၊ အရှေ့တောင် အာရှဒေသ၊ အိန္ဒိယနိုင်ငံ တွေ ကနေ ခုဆိုရင် ကာရစ်ဘီယံ ဒေသ၊ အမေရိကန်နိုင်ငံ ကမ္ဘာ့ နေရာ ဒေသအနှံ့ ရောက်ရှိပျံ့နှံ့ သွားပါပြီ။
'ရဲယို' ရဲ့ ရုက္ခအပင်လောက' အမည်က တော့ မိုရင်ဒါ-စီထရိုဖိုးလီးယား (Morinda Citrofolia) ဖြစ်ပါတယ်။ မြန်မာပြည်မှာ 'ရဲယို' လို့ လူအများ သိကြတဲ့ခြုံပင်၊ အပင်ပု တမျိုး (တချို့လည်းအပင် မြင့်)ဖြစ်ပါတယ်။ 'ရဲယိုရွက်' နဲ့ 'ငါးပေါင်းထုတ်' စားဖူးသူ၊ ရဲယိုသီးမှည့်ကို ဆားနဲ့တို့စား၊ချောင်းဆိုး ပျောက်သူ များက ( 'ရဲယို' များ အဆန်းလား၊ ဒို့များ သိပြီးသား) လို့ ဆိုကြမှာပါ။
အဲဒီ 'ရဲယို' ဟာ အပွင့်၊ အသီး၊ အရွက်၊ အကိုင်း အခက်၊ ပင်စည်၊ အခေါက်၊ အမြစ် မကျန် တပင်လုံး ဆေးဖက်ဝင်၊ အသုံးတည့်တဲ့ အပင်။ နောက်ပြီး သဘာဝ မိခင်ကလူသား၊ တိရစ္ဆာန်၊ သတ္တ၀ါတွေ အတွက်ကြင်နာစွာ ပေးအပ်တဲ့ ဆေးပင်ဖြစ်ပါတယ်။ စားသုံးသီးပင် ဆိုရင်လည်း မမှားပါဘူး။ အရင် တုန်းကမိရိုးဖလာ၊ ရိုးရာဆေးမြီးတို၊ ဘယဆေး၊ တိုင်းရင်းဆေး၊ ဒေသသုံး၊ စားသုံးသီးပင် သဘာဝ ကနေခုအခါမှာ ထင်ပေါ် ကျော်ကြား၊ လူသိများ၊ အသုံးဝင်၊ ဆေးသုတေသန လုပ်ငန်းခွင်မှာလည်း တွင်တွင်ကျယ်ကျယ်ခေတ်မီဆေး သုတေသနတွေ ပြုလုပ်နေတာမို့ ကျန်းမာရေးအရ၊ သိသင့် သိအပ် တဲ့ဆေးဖက်ဝင် ဘယဆေးပင်ဖြစ်ပါတယ်။
ဒီကနေ့ ကမ္ဘာတ၀ှမ်းလုံးမှာ အဓိက ပြဿနာကြီးတွေ ဖြစ်ပြီး လူသားတွေရဲ့ အသက်ဇီဝိန်ကို နေ့စဉ် နှုတ်ချွေနေတဲ့ HIV/AIDS (ကိုယ်ခံစွမ်းအား ကျဆင်းရောဂါ)။ ကင်ဆာရောဂါ။သွေးတိုး-နှလုံးရောဂါ ဆိုတဲ့ရောဂါတွေမှာ ရဲယိုပင်၊ ရဲယိုသီးရဲ့ အစွမ်းထက်မြက်၊ အသုံးဝင်မှုတွေကြောင့်လည်း တနေ့တခြား ပိုမိုစိတ်ဝင်စား လာကြတာ ဖြစ်ပါတယ်။
အထူးသဖြင့် ရဲယိုသီးမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေဟာ "CD4 Count" ခေါ်တဲ့ ကိုယ်ခန္ဓာ ခုခံစွမ်းအား၊ အနိမ့်အမြင့်ကို ပြတဲ့ ဓာတ်ခွဲစမ်းသပ်မှုမှာ အမှန်တကယ် "CD4Count" မြင့်တက်စေတာကိုခေတ်မီ ဆေးသိပ္ပံ သုတေသနတွေက ဖော်ပြ နေကြပါတယ်။
HIV/AIDS လူနာတွေမှာဆိုရင် ရောဂါအဆင့်မြင့် လာတာနဲ့အမျှ သူတို့ရဲ့ "CD4 Count" ဟာ တဖြည်းဖြည်း ကျဆင်းလာတတ်ပါတယ်။ "CD4 Count" မြင့်တက် လာတာနဲ့ အတူရောဂါဝေဒနာ သက်သာ၊ တိုးတက် လာနိုင်ပါတယ်။အလားတူပဲ ကင်ဆာရောဂါလို့ ခေါ်တဲ့ ခန္ဓာကိုယ် ကလပ်စည်း တွေ၊ ဆဲလ်တွေ၊ ထိန်းမနိုင် သိမ်းမရ၊အဆမတန် ပုံမှန်မဟုတ် တိုးပွားလာတာ (ဒါကြောင့် မြန်မာ တိုင်းရင်းဆေး ဆရာတွေက 'မြစ်ပွားနာ'လို့ 'ကင်ဆာ' ရောဂါကို ခေါ်လေ့ ရှိကြပါတယ်။ အဓိပ္ပါယ် ကတော့ သစ်ပင်မှာ အမြစ်တွေ ပွားများလာသလို၊ ဆဲလ်တွေ ပွားများလာတာမျိုး ဖြစ်လို့ပါ) ကိုထိန်း ချုပ် ဟန့်တားနိုင်တဲ့ အင်န်သရာကွီနုန်း(Anthraquinone) တမျိုးဖြစ်တဲ့ 'ဒင်မနာကင်န်သားလ် (Dam nacanthal) ခေါ် ဓာတ်ပစ္စည်းတွေရဲယိုသီးမှာ ပါဝင်တာကို ၁၉၉၃-ခုနှစ်မှာ ဂျပန်နိုင်ငံ ယိုကိုဟားမား မြို့ရဲ့ 'အီအို'တက္ကသိုလ်က ဖော်ထုတ် ကြေညာ ခဲ့ပါတယ်။
ဒါ့အပြင် ရဲယိုသီးမှာပါဝင်တဲ့ 'စကော်ပိုလက်တင်နဲ့ တခြားသော ဓာတုပစ္စည်းတွေဟာ သွေးတိုးကို ကျ ဆင်းစေတာ၊ ယောင်ရမ်းမှုကို ကျဆင်း လျော့ပါးစေတာ၊ ရောဂါပိုးမွှားတွေကို သေစေတဲ့ သတ္တိ။ မှို ရောဂါတွေကိုနိုင်တဲ့သတ္တိ အဖုအကြိတ်တွေကို လျော့နည်း၊ သေးငယ်၊ ပျောက်ကွယ်စေတဲ့ အာနိသင် တွေ ရှိတာကိုလေ့လာ စမ်းသပ်မှုတွေမှာ တွေ့ရှိရပါတယ်။
ရဲယိုသီး ရဲယိုပင်ရဲ့ အစိတ်အပိုင်းတွေမှာ ပါဝင်တဲ့ ဓါတုပစ္စည်း တွေကတော့ အင်သရာကွီနုန်း အမျိုး မျိုး ရောနှောပါဝင်မှု၊ အော်ဂဲနစ်အက်ဆစ်အမျိုးမျိုးနဲ့ ဗီတာမင်အမျိုးမျိုး ပါဝင်တာတွေ့ရပါတယ်။ ဒါ့အ ပြင် ကလူးကို့စ် ကွန်ပေါင်း၊ အက်စပရူလိုစီဒစ်-အက်ဆစ်၊ သတ္တုဓာတ်အဖြစ် ပိုတက်စီယမ်၊ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဆဲလီနီယမ် စတာတွေ ဖြစ်ကြပြီးအာဟာရဓာတ် အခြေခံဖြစ်တဲ့ ကာဘိုဟိုက်ဒြိတ်၊ ကစီ၊ သကြားဓာတ်၊ အဆီဓာတ်၊ အသားဓာတ် ပရိုတင်းတွေပါဝင် ပါတယ်။
သကြားဓာတ်အမျိုးမျိုးဖြစ်တဲ့ ဂလူးဂို့စ်၊ ဖရပ်(ဂ်)တို့စ်၊ နို့သကြား ကယ်လက်တို့စ်၊ ကလူးကို ဆိုက်တွေ ပါဝင်ပြီး ရဲယိုသီး ရဲယိုရွက်တွေ ပါဝင်တဲ့ ကလူးကို ဆိုက်တွေဟာ'အိုမင်းရင့်ယော်ခြင်း' ကို ကာကွယ် တဲ့ သတ္တိရှိတဲ့အင်တီ အောက်ဆီဒင့် များအဖြစ် ခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင်ပေးတဲ့ အရာတွေ ဖြစ်ပါတယ်။မိမိတို့မှာ စွဲကပ် ခံစားနေရတဲ့ ကင်ဆာရောဂါ၊ HIV/AIDS ခန္ဓာကိုယ် ခုခံစွမ်းအား ကျဆင်းမှုရောဂါစတဲ့ ပြင်းထန်ပြီး ထိရောက်တဲ့ ဆေးမရှိသေးတဲ့ ရောဂါတွေကြောင့် မျှော်လင့်ချက် ရောင်ခြည်ကင်းမဲ့ နည်းပါးသလို ဖြစ်နေသူတွေ အတွက် 'ရဲယို' ဟာ 'ရဲဆေး'၊ 'အားဆေး' ပမာ အားတက်စရာဆေးတလက်ပမာ ဖြစ်လာ ခဲ့ပါတယ်။
သဘာဝ ဆေးဖက်ဝင် ပစ္စည်းအဖြစ် သဘာဝ အခြေခံဆေး (Herbal Medicine) ဖြစ်တာကြောင့် လည်း လူအများစုဟာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးအာနိသင်များတဲ့ အနောက် တိုင်းဆေးမျိုး လို ဆေးများထက်ပိုမိုစိတ်ဝင်စား အားကိုးလိုစိတ်နဲ့ အတူ တိရိစ္ဆာန် ဓာတ်ခွဲစမ်းသပ်မှု မှသည် လူသား လူနာဖြင့်လက်တွေ့ စမ်းသပ်မှုများအထိ ကြာရှည်စွာ စောင့်မနေနိုင်တော့ဘဲ ရောဂါ ဝေဒနာရှင် တွေဟာ ရဲယိုသီး၊ရဲယိုပင်ထွက်ပစ္စည်း၊ နော်နီဖျော်ရည်၊ ဆေးတောင့်၊ ဆေးမှုန့်တွေကို လက်တွေ့ သုံး စွဲကြည့်ကြပါတယ်။ (တိရိစ္ဆာန် ဓာတ်ခွဲခန်း စမ်းသပ်မှုတွေမှာ ရဲယိုရဲ့ အစွမ်းထက်မြက်မှုများစွာ ရှိတာ ကိုတွေ့ရှိခဲ့တာ ကြာခဲ့ပါပြီ။)
အဲဒီလို စမ်းသပ် သုံးစွဲကြသူတွေထဲမှာ ဝေဒနာရှင် လူနာများသာမက အရှေ့တိုင်း တိုင်းရင်းဆေး၊ ဘယဆေး၊ သဘာဝဖြစ် ဆေးပညာကို စိတ်ဝင်စားကြသူ၊ အနောက်တိုင်း ဆေးပညာရှင် ဆရာဝန် တချို့လည်း ပါဝင်ပါတယ်။
သုတေသီ ပညာရှင်ကြီးတွေရဲ့စမ်းသပ် သုတေသနတွေက သိရှိလာရတာ ကတော့ ရဲယိုပင်ရဲ့ အစိတ် အပိုင်းအားလုံး အာနိသင် အမျိုးမျိုးရှိတာ၊ အကျိုးရှိစေတာ ဖြစ်ပါတယ်။
'အရွက်' ကို ဟာဝိုင်အီကျွန်းရှိ တိုင်းရင်းဆေးဆရာတွေက ထိခိုက် ဒဏ်ရာတွေမှာ အနာပေါ်အုံတဲ့ ဆေးပတ်တီးအဖြစ် သုံးတာ၊ အရွက်ကို ထောင်းထုပြီး အနာအုံဆေး၊ထည့်ဆေးအဖြစ် ပိုလီနီးရှန်း လူမျိုးတွေက သုံးကြတာရှိပေမယ့် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာကျတော့ ရိုးရာဆေးမီးတိုအဖြစ် အရွက်(သို့) ရဲယိုပင်ရဲ့ အခြား အစိတ်အပိုင်း တွေကို ရောမွှေ ကြိတ်ဝါးစားခြင်းနဲ့ ဆီးချိုရောဂါ မှာသုံးတတ်ကြပါတယ်။ ကျနော်တို့ ငယ်ငယ်တုန်းကတော့ ကျနော့်မိဘတွေက ရှမ်းရိုးရာ ဆေးမီးတို အဖြစ်ချောင်းဆိုးတဲ့အခါ ရဲယိုရွက်ကို အရည်ညှစ်တိုက်တာ၊ ရဲယိုသီး အမှည့်ကို ဆားနဲ့ ဒါမှမဟုတ် ထညက် (ထန်းညက်) နဲ့ ရောစားနိုင်လို့ စားခဲ့ရဖူး၊ ရောဂါသက်သာရာ ရခဲ့ဖူးပါတယ်။
ဟာဝိုင်အီကျွန်းမှာ ရဲယိုရွက် သုံးပုံနောက်တနည်းက ရဲယိုရွက်နဲ့ ဆီရောပြီး အဆစ်အမြစ် ယောင်ရမ်း တာ၊ လေးဘက်နာကြောင့် ယောင်ရမ်းတာမျိုး) 'ဂေါက်' အဆစ်အမြစ်ယောင်ရောဂါတွေမှာ၊ ခြေလက် ထုံကျင် နာတွေမှာ၊ ပွေးအရေပြားရောဂါတွေမှာ သုံးတာတွေ ဖြစ်ပါတယ်။
ရဲယိုရွက်ကို တိုင်းရင်းဆေးအဖြစ် တခြားအသုံးပြုနိုင်၊ အသုံးဝင်ပုံတွေကတော့ ချောင်းဆိုးရောဂါ၊ အော့အန်ဗိုက်ထိုးနာ (မလေးရှား နိုင်ငံတွင်သုံး)။ချောင်းဆိုး သွေးပါ၊ တီဘီအဆုတ်ရောဂါ၊ အစာအိမ် နာ၊ ခံတွင်းပျက်ခြင်း၊၀မ်းဗိုက် ယောင်ရမ်းခြင်း၊ ရာသီလာစဉ် ဗိုက်နာခြင်း၊ အူကျွံခြင်း၊ ဗီတာမင်အေ ချို့ တဲ့ခြင်း၊ သွေးတိုးခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ အတွင်းကြေဒဏ်ရာရခြင်း၊ ဝေဒနာရောဂါ စုံစုံ လင်လင်ပါဝင်တာတွေ့ရပါတယ်။
'ရဲယိုပွင့်' ကိုတော့ မျက်စေ့ရောဂါ (မျက်စေ့စွန်ခြင်း)၊ အရေပြားအနာ၊ ပြည်တည်နာ၊ ၀မ်းပျော့ပျော့ သွားစေတဲ့ အာနိသင်ကြောင့် ၀မ်းပျော့ပျော့ သွားဆေးအဖြစ်သုံးနိုင်ပါတယ်။
'အခေါက်' ရဲ့ အသုံးဝင်ပုံက အသားဝါ၊ အသည်းယောင်ရောဂါ၊ သွေးတိုးရောဂါတွေမှာ သုံးနိုင်တာ ဖြစ်ပါတယ်။ 'ရဲယိုပင်အမြစ်' မှာ အနာအကျင် သက်သာစေတဲ့သတ္တိ၊စိတ်ကို ငြိမ်းချမ်းစေတဲ့ အာနိသင် တွေရှိတာအပြင် ခုနောက်ဆုံး စိတ်ဝင်တစား ဆေးသုတေသန အာရုံစိုက် လုပ်နေကြတာကတော့ ဓာတ်ခွဲခန်းတိရစ္ဆာန် စမ်းသပ်မှုတွေမှာ ရဲယိုပင် အမြစ်မှာ ပါဝင်တဲ့ 'ဒင်မနာ ကင်န်သော' ဆိုတဲ့ ဓာတ် ပစ္စည်းဟာကင်ဆာရောဂါဆဲလ်များ ပွားများခြင်းကို ဟန့်တားစေနိုင်တယ် ဆိုတာပါပဲ။
ဆေးသုတေသန လုပ်ငန်းအတော်များများမှာ တူညီတဲ့တွေ့ရှိချက်ကို တွေ့ရပါတယ်။ အဲဒါ ဘာလဲ ဆိုတော့ ရဲယိုပင်ရဲ့ အစိတ်အပိုင်း အသီးသီးတွေ အနက်မှာ 'ရဲယိုသီး' မှာအာနိသင်ဓာတ် အများ ဆုံးပါဝင်ပြီး၊ ဒုတိယအဖြစ်'ရဲယိုရွက်' မှာ ပါဝင်ပါတယ်။ ရဲယိုသီးမှာလည်း အသီးမှည့် ပျော့်ပြဲပြဲဟာ အနံ့ အင်မတန်ဆိုးတဲ့အားနည်းချက် ရှိသလို ရဲယိုသီးမှည့်က ပြုလုပ်တဲ့ ဖျော်ရည်ဟာ အလွယ်တကူ ကဇော်ပေါက် ပျက်ဆီးလွယ်ပါတယ်။ ပြုလုပ်၊ သယ်ယူ၊ ပို့ဆောင်၊ အသုံးပြုရာမှာလည်း များစွာ အခက်အခဲ ရှိပါတယ်။
ကမ္ဘာမှာ 'ရဲယို' ထွက်ပစ္စည်း ဆေးသုတေသန လုပ်ငန်းတွေမှာ တွေ့ရှိချက်ကတော့ အစိမ်းနုရောင်၊ လုံးဝ မမှည့်သေးတဲ့ ရဲယိုသီး အစိမ်းဟာ အစွမ်းထက်မြက်တဲ့ဓာတ်ပစ္စည်းများ ပါဝင်မှုမှာ ပိုမိုတယ် လို့ဆိုပါတယ်။ ရဲယိုပင်၊ ရဲယိုသီးထွက် ပစ္စည်းတွေရဲ့ အသုံးဝင်ပုံတွေက အများကြီးပါ။ ခေါင်းဖျားက ခြေဖျားအထိ၊ ခန္ဓာကိုယ်အပြင်ဘက် အရေပြားဆိုင်ရာ ရောဂါတွေကနေ အရိုး၊ အဆစ်၊ ဦးနှောက် နဲ့အာရုံကြော အဖွဲ့ဆိုင်ရာ ရောဂါများ၊ အသည်း၊ သည်းခြေ၊ အစာအိမ်လမ်းကြောင်း ဆိုင်ရာ ရောဂါ များ၊ကူးစက် ရောဂါများနဲ့ နောက်ဆုံး ကင်ဆာရောဂါ (အထူးသဖြင့် ရင်သားကင်ဆာ)၊ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်(စ်)ရောဂါတွေအထိ ပါဝင်ပါတယ်။ ရဲယိုနဲ့ပတ်သက်တဲ့ အစွမ်းထက်မြက်မှုတွေက အံ့မ ခန်း အသုံးဝင်ပေမယ့်၊ဆင်ခြင် သတိပြုစရာတွေလည်း ရှိပါတယ်။ 'ရဲယို' မှာ ပိုတက်စီယမ် (ပြာဓာတ်) ဓာတ်တွေ တော်တော်များများ ပါဝင်တာကြောင့် ကျောက်ကပ် လုပ်ငန်း အားနည်းသူတွေဟာ ကျွမ်းကျင်သူ ဆေးပညာရှင်တွေ နဲ့ညှိနှိုင်း တိုင်ပင်ခြင်း မရှိဘဲ ကိုယ့် သဘောနဲ့ ကိုယ် ထင်တိုင်း မသုံးစွဲ သင့်ပါဘူး။ နောက်တခုက ယနေ့အချိန်ထိ ရဲယိုနဲ့ ပတ်သက်တဲ့ အသုံးဝင် ထက်မြက်မှုတွေကို စမ်းသပ်သုတေသန ပြုနေတာဟာ ဓာတ်ခွဲခန်း၊ တိရစ္ဆာန် စမ်းသပ်မှု တွေမှာသာ အခြေခံတာ၊ လူသားအပေါ် စမ်းသပ်သုတေသန ပြုမှုဟာ အစပျိုးစ အခြေအနေ ဆိုတာ ပါပဲ။

ရဲယိုကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့၊ အသုံးဝင် အသုံးပြုဆဲ ဖြစ်ပေမယ့် ခေတ်မီ ဆေးသိပ္ပံနည်းနဲ့ စမ်းသပ် အတည်ပြုပြီး ပိုမို အစွမ်းထက်မြက်တဲ့ ဆေးဝါးတွေဖော်ထုတ်ဖို့၊ မလိုလားအပ်တဲ့ဆိုးကျိုး အာနိသင်တွေ သုတေသနပြုရင်း ရှာဖွေဖို့ လိုအပ်ပါတယ်။ ရဲယို(နော်နီ)ရဲ့ လက်ရှိ အခြေအနေအထိ တွေ့ရှိချက်၊ အစွမ်း ထက်မြက်မှုတွေကို မျှဝေသိရှိစေ လိုက်ပါတယ်။ ဆထက်ထမ်းပိုး တိုး၍ လေ့လာ သုတေသနပြု အသုံးချ နိုင်ကြပါစေ။

သင်္ဘောသီးနှင့်ကျန်းမာရေး

ပြတိုက်မှသူငယ်ချင်းများအတွက် ဒီနေ့ တော့နေရာဒေသမရွေးမှာ အလွယ်တကူရရှိနိုင်တဲ့ သင်္ဘောသီးရဲ့ ကျန်းမာရေးအတွက် အစွမ်းထက်ပုံလေးတွေကိုတင်ပြဝေငှပေးလိုက်ပါတယ်။ Good Health ဂျာနယ်မှကူးယူဝေငှပေးခြင်းဖြစ်ပါတယ်။

သင်္ဘောသီးကို ဆေးအဖြစ် စားသုံးခြင်း
- နံနက် ၈ နာရီ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်းအတွက် ကောင်းမွန်ပါသည်။
- နံနက် ၉ နာရီ စားသုံးလျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင်စေသည်။
- နံနက် ၁၀ နာရီ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာစေသည်။
- နံနက် ၁၁ နာရီ စားသုံးလျှင် - အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေသည်။
- မွန်းလွဲ ၁ နာရီ စားသုံးလျှင် - နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။
- မွန်းလွဲ ၂ နာရီ စားသုံးလျှင် - ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေသည်။
- မွန်းလွဲ ၃ နာရီ စားသုံးလျှင် - အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်သည်။
- ညနေ ၄ နာရီ စားသုံးလျှင် - ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေသည်။ (ကလေးမစားရ)
- ညနေ ၅ နာရီ စားသုံးလျှင် - ဆီးချိုဖြစ်ခြင်းကို သက်သာစေသည်။
- ညနေ ၇ နာရီ စားသုံးလျှင် - တစ်နေကုန်ပင်ပန်းခြင်းကို သက်သာစေပြီး စိတ်ရွှင်လန်းစေသည်။
- ညနေ ၈ နာရီ စားသုံးလျှင် - သွေးသားကို သန့်စင်စေသည်။
- ညနေ ၉ နာရီ စားသုံးလျှင် - သကြားနှင့်တို့စားပါက အသည်း၌ပူခြင်းကို သက်သာစေသည်။
     တရုတ်ဆေးကျမ်းများတွင် သင်္ဘောသီးသည် အစာကြေခြင်း၊ အားအင်ပြန်လည်ဖြည့်စွမ်းပေးခြင်းစသည့် အာနိသင်များ ရှိကြောင်း တရုတ်တိုင်းရင်း သမားတော်များအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ သမားတော်ဦးဖန်က ပြောကြားသည်။ သင်္ဘောသီး စားခြင်းကြောင့် ဆိုးကျိုးမရှိဘဲ စွဲစွဲမြဲမြဲစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုကြောင်း၊ တစ်ခါစားလျှင် တစ်စိတ်မှ နှစ်စိတ်အထိ စားသုံးသင့်ပြီး ယင်းသို့ စားသုံးရာတွင် သင်္ဘောသီးစိတ်အား ဇွန်းဖြင့် အခွံနားကပ်သည်အထိ ခြစ်၍စားသင့်ကြောင်း၊ ယင်းအခွံအနားရှိ သင်္ဘောစေးသည် အစာ အိမ်အား လွန်စွာအကျိုးပြုပြီး ဝမ်းချုပ်တတ်သော ပုဂ္ဂိုလ်များ၊ အသည်းရောဂါသည်များ၊ သရက်ရွက်ရောဂါသည်များအတွက် အထူး သင့်လျော်ကြောင်း၊ ထမင်းစားပြီးချိန်နှင့် မစားခင်အချိန်များတွင် ကပ်၍စားသုံးသင့်ကြောင်း ယင်းကအကြံပြု ပြောကြားသည်။
     ပြတိုက်မှသူငယ်ချင်းများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်ဝနိုင်ကြပါစေလို့  ဆုတောင်းမေတ္တာပို့ သလျှက်.......

     စေတနာများစွာဖြင့်......


မျက်ကွင်းညိုခြင်း အကြောင်းများ နှင့် ကာကွယ်နည်းများ

မျက်ကွင်းညိုခြင်းဟာ တကယ်တော့ ရောဂါတစ်ခုမဟုတ်ပါဘူး။ မျက်လုံးနားက အသားအရေဟာ မျက်နှာပြင်ရှိ တခြားအသားအရေများထက် ပိုပြီးတော့ ပါးလွှာပါတယ်။ မျက်လုံးပတ်ပတ်လည်မှာ အာဟာရပြု ထောက်ပံ့ နေတဲ့ သွေးကြောလေးတွေက အင်မတန်သေးငယ်ပြီး အဲဒီဆံချည်မျှင် သွေးကြောလေးတွေထဲမှာရှိတဲ့  ဟေမိုဂလိုဘင်(Hemoglobin) များပျက်စီးဆုံးရှုံးခြင်းမှ ထွက်ပေါ်လာတဲ့ ရလာဒ်တစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့်မို့ မျက်လုံးပတ်လည်ကိုထိခိုက်မိခြင်း ( ဥပမာ - လက်သီးဖြင့်အထိုးခံရခြင်း) တို့ တွင် သွေးကြောများပျက်စီးခြင်းကြောင့် မျက်လုံး ပတ်ပတ်လည်မှာ အညိုအမဲစွဲနေခြင်းဖြစ်ပါတယ်။ မျက်လုံးပတ်ပတ်လည်ရှိ အရေပြားများမှာ အင်မတန် နူးညံ့ပြီး ပါးလွှာလွန်းတဲ့အတွက် အနည်းငယ်ထိခိုက်မိရုံနဲ့ အညိုအမဲစွဲနေနိုင်ပါတယ်။ မျက်လုံးတ၀ိုက်တွင် ထိခိုက်မခံရပေမယ့်လည်း မျက်ကွင်းညိုခြင်းဟာ အောက်ပါ အကြောင်းအရာများကြောင့် ဖြစ်စေနိုင်ပါတယ်။

၁။ မျိုးရိုးလိုက်ခြင်း
၂။အိုမင်းရင့်ရော်လာခြင်း
၃။နေရောင်ခြည်နှင့် မကြာခဏထိတွေ့ခြင်း
၎။ နေ့စဉ်ရက်ဆက် ပင်ပန်းနွမ်းနယ်ခြင်း
၅။ စိတ်ဖိစီးမှုများခြင်း
၆။နှင်းခူ ကဲ့သို့သောဓါတ်မတည့်သည့်ရောဂါများရှိနေခြင်း
၇။ ထိပ်ကပ်နာကဲ့သို့သော နှာခေါင်းနှင့်ပတ်သတ်သော ရောဂါများရှိခြင်း
၈။ရေဓါတ်ခန်းခြောက်ခြင်း

၉။ ကွန်ပျူတာ ၊တီဗွီမှန်သားပြင်ရှေ့တွင် အချိန်အတော်ကြာ အာရုံစိုက်၍အလုပ်လုပ်ခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။

အထက်တွင် ပြောခဲ့သလိုပဲ မျက်ကွင်းညိုခြင်းဟာ စိုးရိမ်စရာ ရောဂါတစ်ခုမဟုတ်ပါ။ မျက်နှာတွင်ဖြစ်ပေါ်နေခြင်းကြောင့်သာ အလှအပအတွက် အနည်းငယ် စိတ်ရှုပ်စရာဖြစ်ပေမယ့် မျက်ကွင်းညိုခြင်းဟာ လူကို ဒုက္ခပေးတဲ့ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ မျက်ကွင်းညိုခြင်းကို သက်သာစေဖို့အတွက် နည်းလမ်းလေးတွေလည်းရှိပါတယ်။ ရေများများသောက်ပေးပါ။ တနေ့လျှင် အနည်းဆုံး ဖန်ခွက်ကြီး ၈ ဖန်ခွက်မှ ၁၀ ဖန်ခွက်အထိသောက်ပါ။ ရေများများသောက်ခြင်းဖြင့် အသားအရေကို စိုပြေစေပါတယ်။ မျက်စိကို လက်နဲ့ ကြမ်းကြမ်းတမ်းတမ်းမပွတ်မိပါစေနဲ့။ ရေခဲသေတ္တာထဲတွင် အအေးခံထားသော သခွါးသီး၊ ဒါမှမဟုတ် အာလူးကို အခွံနွှါ၍ အကွင်းလိုက်ပါးပါးလေးလှီးပြီး မျက်စိပေါ်တွင် တစ်နေ့လျှင်၁၅ မိနစ်ခန့်  တင်ထားပေးပါ။ တခါသောက် (Ready made)လက်ဖက်ခြောက်ထုတ်လေးများကိုလည်း လွှင့်မပစ်ဘဲ ရေခဲသေတ္တာတွင် အအေးခံပြီး မျက်စိပေါ်တွင် တင်ထားပေးနိုင်ပါတယ်။ ထောပတ်ဆီ သို့ မဟုတ် သံလွင်ဆီကို မျက်စိဘေးပတ်လည်တွင် ညင်သာစွာပွတ်လိမ်းပေးပါ။ vitamin E ကဲ့သို့သော ကရင်မ် များကိုလည်း မျက်လုံးပတ်လည်တွင် လိမ်းပေးနိုင်ပါတယ်။ အိပ်ရေး၀၀အိပ်ပါ။ နေ့စဉ်ရက်ဆက် အိပ်ရေး ပျက်ခြင်းကြောင့်လည်း မျက်တွင်းချိုင့်ပြီး မျက်ကွင်းညိုသကဲ့သို့ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် ပုံမှန် အိပ်ရေး၀၀ အိပ်ဖို့ လည်း လိုအပ်လှပါတယ်။ စိတ်ဖိစီးမှုကင်းဝေးပါစေ။ ကွန်ပျူတာရှေ့၊ တီဗွီရှေ့တွင် တထိုင်တည်း အချိန်အတော်ကြာ မထိုင်မိပါစေနဲ့။ မျက်လုံးကို မကြာဏ အနားပေးပါ။ မျက်စိကို နောင်ရောင်နှင့် တိုက်ရိုက်မထိတွေ့ပါစေနှင့်။ နေရောင်နှင့် ထိတွေ့ခြင်းကြောင့် အရေပြားတွင် မယ်လနင် (melanin)များပိုမိုထွက်ရှိနိုင်ပြီး မျက်ကွင်းညိုခြင်းကို ပိုမိုဆိုးစေနိုင်ပါတယ်။ အရည်ရွှမ်းသော အသီးအနှံများနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို များများစားပေးပါ။ အထက်ပါအတိုင်း လိုက်နာလုပ်ဆောင်ပေးမယ်ဆိုပါက မျက်ကွင်းညိုခြင်းကို လျော့ကျ ပျောက်ကင်းစေနိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။

အောင်အောင်


အသံကို မထိခိုက်စေရန် စကားကို တိုးတိုးဖွဖွမပြောသင့်

အသံကို မထိခိုက်စေရန် စကားကို တိုးတိုးဖွဖွမပြောသင့်သည်ဟု ပြောဆိုအကြံပြုမှုများရှိသော်လည်း လည်ချောင်း ဗေဒပညာရှင်တို့ကမူ စကားတိုးတိုးဖွဖွပြောခြင်းကို မပြုလုပ်သင့်ကြောင်း အကြံပြုခဲ့ကြသည်။ စကားတိုးတိုးဖွဖွပြောခြင်းက ပုံ မှန်အသံဖြင့် ပြောသည်ထက် လည်ချောင်းဝေဒနာကို ခံစားရနိုင်သည်ဟု ဆိုသည်။
Drexel တက္ကသိုလ် လည်ချောင်းဗေဒဌာနမှ ဒေါက်တာရောဘတ်ဆာတာလော့ဖ်က ယခုကဲ့သို့ အကြံပေးတိုက်တွန်း မှုသည် နှစ်အတန်ကြာ သုတေသနပြုမှုအပေါ်တွင် အခြေခံ၍ အကြံပြုတိုက်တွန်းမှုဖြစ်သည်ဟု ဆိုသည်။
သုတေသနပြုသည့်အဖွဲ့က အသံထွက်သည့် အကြောအမျှင်များကို ဖိညှစ်၍ စကားပြောရာတွင် စကားသံတိုးတိုးဖွဖွ ထွက်ပေါ်လာခြင်းကို လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းက လည်ချောင်းနာဝေဒနာကို ပိုမိုခံစားစေရသည်ဟု ဆိုသည်။
အချုပ်ဆိုရလျှင် အချို့ သော သူများအတွက် စကားကို တိုးတိုးဖွဖွပြောခြင်းက ပုံမှန်ပြောဆိုသည်ထက် လည်ချောင်း နာဝေဒနာကို ရရှိစေနိုင်သည်ဟု သိရသည်။

အနီရောင်အသားကို လျှော့၍ စားသုံးခြင်းက ကင်ဆာရောဂါဖြစ်ပွားမည့် ဘေးဥပဒ်ကို လျော့ကျစေနိုင်

အနီရောင်အသားကို လျှော့၍ စားသုံးခြင်းက ကင်ဆာရောဂါဖြစ်ပွားမည့် ဘေးဥပဒ်ကို လျော့ကျစေနိုင်ကြောင်း ဗြိတိ သျှသုတေသီတို့က အကြံပြုတိုက်တွန်းခဲ့သည်ဟု သိရသည်။
အရွယ်ရောက်ပြီးသူတစ်ဦးအနေဖြင့် ရက်သတ္တပတ်လျှင် အနီရောင်အသား ၅၀၀ ဂရမ်ထက်ပို၍ မစားသုံးသင့်ဟု ဆို သည်။ အသားမည်၍ မည်မျှစားသုံးခြင်းက ကင်ဆာရောဂါဖြစ်ပွားစေနိုင်သည်ကို အတိအကျညွှန်ပြထားခြင်းမရှိသော်လည်း ဗြိတိသျှအာဟာရဖောင်ဒေးရှင်းမှ လေ့လာဆန်းစစ်မှုတွင် ဖော်ပြချက်အရ အနီရောင်အသားသည် လူတို့စားသုံးသော အစား အစာအာဟာရတွင် မရှိမဖြစ်လိုအပ်သော သံဓာတ်အစိတ်အပိုင်းဖြစ်သော်လည်း အမြောက်အမြားစားသုံးခြင်းက နှလုံးရော ဂါနှင့် ကင်ဆာရောဂါတို့ကို ဖြစ်ပွားစေနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။
ကျန်းမာရေးဌာန၏ သိပ္ပံနည်းကျအာဟာရဓာတ်ဆိုင်ရာ အကြံပြုကော်မတီ၏ အကြံပြုချက်အရ အရွယ်ရောက်ပြီးသူ များအနေဖြင့် တစ်နေ့လျှင် အနီရောင်အသား ဂရမ် ၇၀ထက်ပို၍ မစားသုံးသင့်ဟု ဆိုသည်။ သုတေသီတို့အဆိုအရ အနီ ရောင်အသားများများ စားသုံးခြင်းသည် အူမကြီးကင်ဆာဖြစ်ပွားမှု ဘေးဥပဒ်ကို သိသိသာသာတိုးပွားစေကြောင်း၊ အလားတူ ပင် အနီရောင်အသားတွင် အဆီပြည့်ဝစွာ ပါဝင်မှုကြောင့် ဆီးချိုနှင့် ရင်သား၊ အဆုတ်၊ ဆီးကျိတ်တို့ကဲ့သို့သော အခြားသော ကင်ဆာတို့ကိုလည်း ဖြစ်ပွားစေဖွယ်ရှိသည်ဟု ဆိုသည်။ ဆီးချိုဖြစ်ပွားခြင်းက နှလုံးရောဂါဖြစ်ပွားခြင်းနှင့်လည်း ဆက်နွှယ် လျက်ရှိသည်ဟု ဆိုသည်။ သုတေသီတို့၏ လမ်းညွှန်အကြံပြုချက်အရ လူအတော်များများသည် တစ်နေ့လျှင် အနီရောင် အသား ၁၄၀ ဂရမ်မျှ ပိုမိုစားသုံးနေခြင်းကို လျှော့ချ၍ ဂ၇မ် ၉၀ ထက် လျော့နည်းစွာ စားသုံးခြင်းက ကင်ဆာဖြစ်ပွားမှုကို လျှော့ချစေနိုင်မည်ဖြစ်သည်ဟု သိရသည်။

ကလေးငယ်များတွင် ရုတ်တရက်ဖြစ်ပေါ်သော အသက်ရှူလမ်းကြောင်း ရောဂါသည် အေးသောရာသီနှင့် ရာသီအကူးအပြောင်းတွင် အဓိကဖြစ်ပွားပြီး အသက်အန္တရာယ် စိုးရိမ်ရ

ကလေးငယ်များတွင် ရုတ်တရက် ဖြစ်ပေါ်သော အသက်ရှုလမ်းကြောင်း ရောဂါသည် အေးသောရာသီနှင့် ရာသီအကူးအပြောင်းတွင် အဓိက ဖြစ်ပွားပြီး အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ကလေး အထူးကု ဆရာဝန် ဒေါက်တာသိင်္ဂီဝင်းက ပြောသည်။ အဆိုပါ ရောဂါသည် တုပ်ကွေးဗိုင်းရပ်စ်နှင့် ပါရာအင်ဖလူဇာ ဗိုင်းရပ်စ်ပိုး များကြောင့် ဖြစ်ပွားခြင်း ဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှ အဓိက ကူးစက်သည်ဟု ၄င်းက ပြောသည်။ နှာချေခြင်း၊ ချောင်းဆိုးခြင်းများမှ တစ်ဆင့် ဗိုင်းရပ်စ်ပိုးများ ပျံ့နှံ့ ကူးစက်နိုင်ပြီး အေးသော ရာသီများနှင့် ရာသီအကူးအပြောင်းတွင် အဖြစ်များသည်ဟု သိရသည်။
ရောဂါလက္ခဏာများမှာ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ ဖျားနာခြင်း၊ နို့စို့အရွယ် ကလေးများတွင် နို့မစို့နိုင်ခြင်းများဖြစ်ကာ လေပြွန် ကျဉ်းခြင်း၊ လေပြွန် ရောင်ခြင်း၊ အသက်ရှုကျပ်၍ အသက်မရှူနိုင်ဖြစ်ရာမှ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း ၄င်းက ပြောသည်။ "ဒါကြောင့် ကလေးက နှာစေး၊ ချောင်းဆိုးဖြစ်ရင် မပေါ့ဆရဘူး။ နို့မစို့နိုင် ဖြစ်ရင် ဆေးရုံတင်ပြီး သေချာကုသရတော့မယ်။ အသက် ခြောက်လလောက် ကလေးတွေ အသက် နှစ်လ ကနေ ခြောက်လအကြား၊ ပျမ်းမျှအသက် ငါးနှစ်အောက် ကလေးတွေမှာ ဖြစ်ပွားမှုများတယ်" ဟု ၄င်းက ဆိုသည်။
၂၀ဝ၉ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၀ ပြည့်နှစ် ဩဂုတ်လအတွင်း ရန်ကုန်ကလေး ဆေးရုံကြီးသို့ ရုတ်တရက် ဖြစ်ပေါ်သော အသက်ရှူလမ်းကြောင်း ရောဂါဖြင့် ရောက်ရှိလာသော ကလေးများ၏ ၈၁ ရာခိုင်နှုန်းတွင် အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်တစ်မျိုးမျိုးအား တွေ့ရှိရသည်ဟု သုတေသန စစ်တမ်းများအရ သိရသည်။

သက်ထားဆွေ
အများသုံးရေကူးကန်မှာ ပိုးမွှားကင်းဝေးစေရန်


ရေကူးခြင်းဟာ ပျော်စရာကောင်းပြီး ကိုယ်ခန္ဓာကို ညောင်းညာမှုကင်းစေတဲ့ အားကစားတစ်မျိုးပါ။ ဒါပေမယ့် အများသုံးရေကူးကန်အများစုမှာ ရေကူးသူတွေကို ဖျားနာစေနိုင်တဲ့ ရောဂါပိုးမွှားတွေရှိနေတတ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာဆိုရင် အများသုံးရေကူးကန်မှာ ရေကူးသူတွေဟာ Cryptosporidium နဲ့ Giardia ပိုးတွေကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း ဖြစ်ကြပါတယ်။ Cryptosporidium ပိုးဆိုရင် အလွန်ကူးစက်လွယ်ပြီး ကလိုရင်းဆေးနဲ့လည်း ပပျောက်အောင် မလုပ်နိုင်ပါဘူး။ ဒါကြောင့် ရေကူးကန် သန့်ရှင်းရေးအတွက် ရေကူးသူတွေ အနေနဲ့လည်း ဝိုင်းဝန်းပြီး လိုက်နာသင့်တဲ့ အချက်တွေကို အကြံပြုလိုက်ရပါတယ်။
သင် ဒါမှမဟုတ် သင့်ကလေးတွေအနေနဲ့ ဝမ်းပျက်ဝမ်းလျှောနေပါက ရေမကူးသင့်ပါ။
ရေကူးကန်ထဲက ရေကို ဘယ်တော့မှမျိုမချမိပါစေနဲ့၊ သင့်ပါးစပ်ထဲကို ရေမဝင်အောင် အထူးသတိထားပါ။
တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထား ဆောင်ရွက်ပါ။ ရေမကူးခင် ရေအရင်ချိုးထားပါ။ ကလေးတွေကို အိမ်သာထဲ မကြာခဏခေါ်သွားပြီး ဆီး၊ ဝမ်း သွားခိုင်းပါ။ ကလေးဘောင်းဘီကို အိမ်သာထဲမှာပဲလဲပါ။ ရေကူးကန်ဘေးမှာလဲမပေးပါနဲ့။

0 comments:

Post a Comment

Adsens