Headline

Wednesday 20 July 2011

အသက်တာ၏ စိန်ခေါ်ချက်များကို အောင်မြင်နိုင်ပါသည်

George Foreman ၏ သက်သေခံချက်

လက်ဝှေ့ဝါသနာပါသူများသည် ဂျော့ခ်ျဖိုမင် (Georg Foreman) ကို တစ်ချိန်က ကမ္ဘာ့ လက်ဝှေ့ချန်ပီယံဖြစ်ခဲ့သည်ကို သိရှိကြလိမ့်မည်။ ယခုအခါ သူသည် လက်ဝှေ့ထိုးခြင်းမှ အနားယူပြီး အေးချမ်းစွာဖြင့် တက်ဆက်စ် (Taxas) ပြည်နယ် ၊ ဟူစတင် (Housten) မြို့၏ ယေရှုခရစ်အသင်းတော်ငယ် (Jesus Christ) တစ်ပါး၏ သင်းအုပ်ဆရာအဖြစ် အမှုတော်ထမ်း လျက်ရှိပါသည်။ သူ၏ ယခင်လက်ဝှေ့ထိုးသူအဖြစ် နှင့် ယခု သင်းအုပ်ဆရာအဖြစ် တွေ့ကြုံရ သော အသက်တာကို အောက်ပါအတိုင်း ဖော်ပြသက်သေခံပါသည်။
 ကျွန်တော် ကြီးပြင်းလာသည့် မြို့အကြောင်းကို သတင်းစာတွင် ရေးသားဖော်ပြသည် ကို များစွာမတွေ့ရပါ။ သို့သော် တက်ဆက်စ် ပြည်နယ်အဖြစ် ဂုဏ်ပြုစရာ ပြည်နယ်သားဖြစ်သူ လင်းဒန်ဂျွန်ဆင် (Lyndon Johnson) သည် တစ်ချိန်က ပြည်ထောင်စုရဲ့ သမ္မတဖြစ်ဖူးသည်။ ထို့ကြောင့် ကျွန်တော်သည် ကိုယ့်ပြည်နယ် ကိုယ့်မြို့၏ ကိုယ်စားပြု လက်ဝှေ့ချန်ပီယံဖြစ်ခဲ့သည်ကို တစ်ချိန်က ဂုဏ်ယူဝင့်ကြွား၍ မဆုံးပါ။

ယနေ့ ကျွန်တော်သည် ဟူစတန်မြို့၏ အသင်းတော်တစ်ပါးတွင် သင်းအုပ်ဆရာအဖြစ် အေးချမ်းစွာ ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်နေသူ ဖြစ်ပါ သည်။ ကျွန်တော့်အသင်းသားအားလုံး (၁၅၀)ဦးသာ ရှိပါသည်။ ဒါကို ကျွန်တော် ကြိုက်နှစ်သက်ပါသည်။ လက်ဝှေ့မှ အနားယူပြီး ယခုအသက်တာသစ်တွင် သေးငယ်သော အသင်းတော်၏ သင်းအုပ်ဆရာဖြစ်ရသည်ကို ကျွန်တော် ၀မ်းသာမဆုံးဖြစ်ပါသည်။
ကျွန်တော် လက်ဝှေ့ထိုးစဉ်က လက်ဝှေ့ကြိုးဝိုင်းအတွင်းမှ စိန်ခေါ်သံများကို အောင်မြင်စွာရင်ဆိုင်ခဲ့ရသည့် အခါများ ရှိပါသည်။ သို့သော် ထိုအောင်မြင်မှုကြောင့် ခံစားရသော ၀မ်းသာခြင်းသာ တစ်ခဏသာဖြစ်သည်။ 1974 ခုနှစ်တွင် အောင်အာဖရိကနိုင်ငံ ၌ မိုဟာမက်အလီ နှင့် ယှဉ်ပြိုင်စဉ် ကျွန်တော်ဒေါ်လာ (၅)သန်း ရရှိပါသည်။ သို့သော် ထိုလက်ဝှေ့ပွဲတွင် မိုဟာမက်အလီအား ကျွန်တော် ရှုံးခဲ့သည်။ ကျွန်တော် ဒေါ်လာ (၅)သိန်း ရသည့်အတွက် ကျွန်တော်ပျော်လိမ့်မည်ဟု အများက တွေးချင်တွေးပါမည်။ သို့သော် ကျွန်တော်မပျော်ပါ။ ငွေသည် မည်သည့်အခါမျှ စိတ်ချမ်းသာမှု မပေးပါ။ ယခု ဘုရားသခင် သည် ကျွန်တော်စိတ်ထဲမှာ ရှိသည့်အတွက် ကျွန်တော်သည် ဤလောကတွင် လူချမ်းသာ စင်စစ်တစ်ယောက်ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ သက်သေခံပါသည်။
မကြာခင်က နယူးအောလင်း (New Orlean) တွင် တိုက်ခတ်သော ကက်ထရီနာ မုန်တိုင်းကြောင့် ကျွန်တော်ရရှိသည့် သင်ခန်းစာမှာ ယနေ့ဥစ္စာပစ္စည်း မည်မျှရှိနေသော်လည်း နောက်တစ်နေ့ တစ်စက္ကန့်အတွင်း ဆုံးရှုံးနိုင်ခြင်းဖြစ်သည်။ ကျွန်တော် သက်သေခံလိုသည် မှာ အခက်အခဲနှင့်ကြုံတွေ့ရသည့်အခါ အောက်ပါအချက် (၄)ချက်သည် ကျွန်တော် ခွန်အား ရသကဲ့သို့ သင်သည်လည်း ၀ိညာဉ်ခွန်အား ရရှိမည်ဟု ထင်ပါသည်။
၁။ ပေးကမ်းခြင်းသည် လူတိုင်းကို အကျိုးပြုပါသည်။
အစွန့်အကြဲခံခြင်းအရာအထက် စွန့်ကြဲခြင်းအရာသည်သာ၍ မင်္ဂလာရှိသည် (တ ၂၀း၃၅)ဆိုသည့် ကျမ်းပိုဒ်ကို ကျွန်တော် ငယ်စဉ်ကပင် ကြားဖူးသည်။ သို့သော် ကျွန်တော် လက်မခံပါ။ ထိုအချိန်က ကျွန်တော့်ထံမှ လိုချင်လျှင် လက်သီးသာရမည် ဖြစ်သည်။ သို့သော် ယခုအခါ ပေးကမ်းစွန့်ကြဲခြင်းအားဖြင့် ကျေးဇူးတော်ခံစားရသည်ကို ကျွန်ုပ်သိရှိနားလည်ပါ သည်။ ထိုခံစားရသော ကျေးဇူးတော်သည် ပေးကမ်းခြင်းအားဖြင့် ပေါ်ထွက်လာသော ခံစားချက် ဖြစ်သည်။ လောက၌ အသက်ရှင်စဉ် ကောင်းပါသည်ဟု ဆိုသည့်အရာအားလုံး သည် မကြာခင် ပျောက်ကွယ်သွားပါမည်။ ဥပမာ အစားအစာ စားစဉ် ကောင်းမှန်းသိသည်။ သို့သော် စားပြီးလျှင် ပျောက်ကွယ်သွားသည်။ ကျွန်တော် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်စဉ် ကြည်နူးသည်။ သို့သော် ပျောက်ကွယ်သွားသည်မှာ ကျွန်တော်၏ ကိုယ်တွေ့ဖြစ်သည်။ သို့သော် သူတစ်ပါးအား ကူညီခြင်းမှရရှိသော ကြည်နူးခြင်း ၊ ပျော်ရွှင်ခြင်းသည် ပျောက်ကွယ် မသွားပါ။
ကျွန်တော် သတိရပါညသ်။ 1994ခုနှစ် ၊ ကျွန်တော် အသက် (45)နှစ်အရွယ်က ဆုံးရှုံး ရသော ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံဆုကို ကျွန်တော်ပြန်လည်ရရှိစဉ်က ဖြစ်သည်။ တစ်နေ့ တွင် ကျွန်တော် ကားမောင်းနေစဉ် ကျွန်တော်တစ်ဝမ်းကွဲညီ လမ်းလျှောက်နေသည် ကို တွေ့ရသဖြင့် သူ့အနားမှာရပ်ပြီး ဘယ်လိုလဲ ၊ အားလုံး အဆင်ပြေရဲ့လားဟု မေးပါသည်။ သူက “ကောင်းပါတယ် ၊ အခု အလုပ်ရှာနေတယ် ၊ ရမှာသေချာတယ်။ ကားတစ်စီးလောက် လက်ထဲမှာ ရှိရင်သိပ်ကောင်းမှာပဲ” ဟု ပြောသောအခါ သူ့ကိုအိမ်သို့ လိုက်ခဲ့ဖို့ ကောင်းပေါ် တတ်ခိုင်းပါသည်။ အိမ်သို့ ရောက်သည့်အခါ ကျွန်တော်ပိုင်သည့် ကားများထဲမှ ကြိုက်တဲ့ကားယူဟု ပြောလိုက်သည်။ သူသည် အလွန်ဝမ်းသာပြီး ၊ ကျွန်တော်ကို ကျေးဇူး တင်သည်။ သူပျော်သွားသည်ကို တွေ့ရသဖြင့် ကျွန်တ်ာလည်း အလွန်ပျော်ပါသည်။ ဒါကိုလည်း သဘောပေါက်သည့်သူ အများကြီး ရှိပါသည်။ ကက်ထရီနာ မုန်တိုင်းတိုက်ခတ်ပြီး လေဘေးဒုက္ခသည်များကို ကျွန်တော်တို့မြို့ရှိ အားကစားရုံ၌ ခေတ္တနေရာချထားပြီးသည့် နောက် ဖြစ်ပါသည်။ တနင်္ဂနွေနေ့တစ်နေ့တွင် ၀တ်ပြုကိုးကွယ်ရန် လာကြသည့် ပရိသတ်ကို စင်မြင့်ပေါ်က ကြည့်လိုက်သည့်အခါ သူစိမ်များ၏ မျက်နှာကို ကျွန်တော်မြင်ရသည်။ ကျွန်တော် သိပါပြီ။ အသင်းသားများသည် သူတို့အိမ်သို့ ဒုက္ခသည်များ လာရောက်နေထိုင် ရန် ကူညီမစခြင်း ဖြစ်သည်။ ထိုသူတို့ မည်သူ့အ၀တ်အစား ၀တ်သည်ကို တွေ့ရပါသည်။ ကျွန်တော့် အသင်းသားများသည် ချမ်းသာသောသူများမဟုတ်ပါ။ သို့သော် သူတို့သည် “ငါ့ အတွက်တောင် မလုံလောက်တာ ၊ ဘယ်လိုပေးနိုင်မလဲ” ဟု မပြောကြပါ။ ထိုနေ့က ဘုရား ရှိခိုးကျောင်းအတွင်း ချစ်ခြင်းမေတ္တာ လွှမ်းမိုးလျက် ရှိသည်ဟု ခံစားမိပါသည်။ ထိုဒုက္ခသည် များသည်လည်း အကူအညီ အမအစကို ခံစားရသည့်အတွက် သူတို့၏ မျက်နှာတွင် ကျေးဇူး တင်လျက် ရှိသည်မှာ ပေါ်လွင်သည်။


၂။ ပျော်ရွှင်ခြင်းသည် ငွေကြေးချမ်းသာမှုအပေါ် မတည်ပါ။
ပျော်ရွှင်ခြင်းသည် ကျွန်တော်တို့၏ စိတ်နေသဘောထားအပေါ် တည်ရှိပါသည်။ ကျမ်းစာထဲမှာ ရှင်ပေါလုက “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော် မူခြင်း အတိုင်း ခေါ်တော်မူသော သူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ် တည်း ပြုစုကြသည်ကို ငါတို့သိကြ၏” ဟုပြောပါသည်။ (ရော ၈း၂၈)။ အဓိပ္ပာယ်မှာ ဘုရား သခင်ကို ချစ်သောသူသည် အကျိုးခံစားရမည်။ ဤကျမ်းချက်သည် အလွန်မှန်ကန်ကြောင်း ကျွန်တော် ပြောပြပါမည်။ ကျွန်တော်နှင့် မိုဟာမက်အလီသည် တစ်ဦးနှင့်တစ်ဦး ချစ်ကြသည့် သူများ မဟုတ်ပါ။ လက်ဝှေ့ကြိုးဝိုင်းအတွင်းမှာသာ ထိုးသတ်ကြသည်မဟုတ်၊ အပြင်၌လည်း ရန်သူကဲ့သို့ သဘောထားကြသည်။ တောင်အာဖရိက၌ ကျွန်တော်သူ့ကို ရှုံးသည့်အခါ ကျွန်တော့်စိတ်ထဲတွင် ဘာမှ မတွေးပါ။ သူ့ကို ကလဲ့စားချေလိုစိတ် တစ်ခုတည်းသာ ရှိသည်။ သို့သော် ယုံချင်ယုံ ၊ မယုံချင်နေ ထိုပွဲ၌ ကျွန်တော်ရှုံးလိုက်ခြင်းသည် ကျွန်တော့်အတွက် ကောင်းကျိုးဖြစ်စေခဲ့သည်။ သူနှင့်ပြန်၍ မထိုးသတ်မီ အခြားလက်ဝှေ့သမား ဂျင်မီယန်း နှင့် ထိုးသတ်သည့်အခါ ကျွန်တော်ရှုံးပြန်သည်။ လက်ဝှေ့ပွဲပြီး၍ အ၀တ်လဲခန်းတွင် ဘုရားသခင် ကို ကျွန်တော် တွေ့ရှိသည်။ ကျွန်တော်သည် ဘုရားမဲ့သူတစ်ယောက်အနေဖြင့် အသက်ရှင် ခဲ့သည်မှာ ကြာလှပြီ။ မိမိကိုယ်ကို အထင်ကြီးသူတစ်ယောက်ဖြစ်သည်ကို ဘုရားသခင်မှ ထိုသို့ မိမိကိုယ်ကို အထင်မကြီးရန် ဆုံးမလိုက်ခြင်းဖြစ်သည်ကို ကျွန်တော်သိရှိရသည်။
ကျွန်တော် မိုဟာမက်အလီထံ တယ်လီဖုန်းနှင့် စကားပြောသည်။ ကျွန်တော်သည် ယခင်က ဂျော့ခ် မဟုတ် တော့ကြောင်း ၊ ပြောင်းလဲသူတစ်ဦးဖြစ်ပြီး သူ့ကိုလည်း လုံးဝ မမုန်းပါ။ သူ့ကို ကျွန်တော်ချစ်ကြောင်း ပြောသည့်အခါ ထိုချစ်ခြင်းမေတ္တာကို သူချက်ချင်း လက်ခံပြီး အလားတူ တုံ့ပြန်ပါသည်။ ထိုအချိန်မှစပြီး ကျွန်တော်တို့နှစ်ယောက် သူငယ်ချင်း ကောင်းများ ဖြစ်လာကြပါသည်။
ကျွန်တော်အိမ်ဧည့်ခန်းထဲ၌ ကျွန်တော် ကြိုးဝိုင်းထဲမှ လဲကျစဉ် ကျွန်တော့်ကို အောင်နိုင်သော မျက်နှာဖြင့် ကြည့်နေသော မိုဟာမက်အလီ၏ ဓါတ်ပုံကို ချိတ်ထားသည်။ ဘာကြောင့်လဲဟုမေးလျှင် ဤဓါတ်ပုံသည် ကျွန်တော့်ကို ပြောင်းလဲစေခြင်းကြောင့် ဖြစ်သည်။ ကျွန်တော်သည် ဘုရားသခင်ကို ထိုအချိန်မှစ၍ တွေ့ရခြင်းကြောင့် ဖြစ်သည်။ ကျွန်တော့် အတွက် ဘုရားသခင်ကို သိရှိရခြင်းသည် အဆိုးထဲမှ အကောင်းဖြစ်သည်။ ဒုက္ခလှိုင်းတံပိုးဒဏ်ကို မည်သို့ခံရပါစေ ၊ ပိုင်ဆိုင်သမျှအားလုံး ဆုံးရှုံးပါစေ ၊ ယုံကြည်ခြင်းရှိ လျှင် ထိုအချိန်သည် သင့်အတွက် အကောင်းဆုံး ဖြစ်သည်။
၃။ ဘုရားသခင်သည် သင့်အတွက် အစီအစဉ် ရှိပြီးသား ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းအနည်းငယ်က စီးပွားရေးမိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို အကြံပေးဖူးပါသည်။ သူက “ဂျော့ ခင်ဗျားနာမည်နဲ့ ပစ္စည်းထုတ်ဖို့ ကောင်းတယ်” ဟု ပြောပါသည်။ သူသည် ကျွန်တော့်ကို အသားကင်အိုးစောင်းက ပေးပို့ပြီး ထုတ်လုပ်သူက ဤပစ္စည်းကို ကျွန်တော့်အနေဖြင့် ဖြန့်ဖြူးရောင်းချရန် ကြော်ငြာပေးစေလို ကြောင်းပြောပါသည်။ ကျွန်တော် ဘေးဖယ်ပြီး ဒီလိုဆင်ခြေလျှော အသားကင်အိုးကို ဘယ်သူဝယ်မှာလဲဟု ပြောသည်။ ကျွန်တော့်ဇနီး မေရီက ”ဒီအိုးကလေးက ကောင်းပါတယ်။ အဆီတွေကို ဘေးမှာ စီးစေပြီး ၊ အသားကင်ကို ပိုပြီး အရသာရှိစေတယ်”ဟု ပြောပြီး ၊ ဟမ်ဘာဂါတစ်ခု ပြုလုပ်ကာ ကျွန်တော့်ကို မြည်းခိုင်းပါသည်။ ကျွန်တော်လည်း လက်ခံ လိုက်ပါသည်။ ထိုပစ္စည်းလည်း အောင်မြင်မှုရှိလာပါသည်။ ဒါကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် မထင်မှတ်ဘဲ ကျွန်တော့်အတွက် ဆောင်ရွက်ပေးသည်ကို နားလည်ရပါသည်။
 ကျွန်တော်သည် ကမ္ဘာ့လက်ဝှေ့ချန်ပီယံဖြစ်ရမည်။ နောင်တစ်ချိန်တွင် သင်းအုပ်ဆရာ တစ်ယောက်အဖြစ် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရမည်ကို ကျွန်တော် မသိရှိ ၊ မစဉ်းစားခဲ့ပါ။ ဤအရာအားလုံးသည် ဘုရားသခင်က ကျွန်တော့်အသက်တာအတွက် စဉ်းစား ထားသည်ကို ယခုအခါ ကျွန်တော်နားလည်ပါသည်။ ထို့အတူ လူတိုင်း၏ အသက်တာကို လည်း ဘုရားသခင်က မူလကပင် စီစဉ်ထားပြီး ဖြစ်ပါသည်။
၎။ လေမုန်တိုင်းသည် ကြာရှည် မတိုက်ခတ်ပါ။
လူအများသည် ဒုက္ခရောက်သည့်အခါ လေပြင်းမုန်တိုင်း ကျရောက်သည်ဟု ဆိုကြပါ သည်။ ကျမ်းစာထဲမှ လေမုန်တိုင်းကို သခင်ယေရှုက ငြိမ်သက်စေခဲ့ပါသည်။ (မာ ၄း၃၉) ကို တွေ့ရပါသည်။ မှန်ပါသည်။ ဒုက္ခဆင်းရဲခြင်းသည် မုန်တိုင်း တိုက်ခတ်ခံရခြင်းနှင့် တူပါသည်။ သင့်ကို လဲကျစေပြီး ရှိသမျှ အရာခပ်သိမ်းကို ယူဆောင်သွားသကဲ့သို့ ခံစားရပါမည်။ သို့သော်လည်း မုန်တိုင်းသည် မကြာခင်အားပျော့သွားပြီး လုံးလုံးလျားလျား ရပ်စဲသွားပါ သည်။ ဤအရာသည် မုန်တိုင်းသဘာဝပင် ဖြစ်သည်။ သို့သော် မုန်တိုင်းတိုက်ခတ်စဉ်အတွင်း စိုးရိမ်ပူပန်စိတ် ၊ ကြောက်ရွံ့စိတ် ရှိစမြဲပင်ဖြစ်သည်။ ထိုအချိန်မျိုး၌ မည်သူ့ထံ သွားရမည် နည်း။ ဘုရားသခင်ထံ သွားရပါမည်။ ဒုက္ခဆင်းရဲသည် အမြဲရှိနေမည် မဟုတ်ပါ။ ဘုရားသခင် သည် သင့်အနားမှာ အမြဲရှိနေမည် ဖြစ်သည်။ ထိုသတင်းစကားကို ကျွန်တော်သည် အသင်းသားများကို အမြဲပင်ပြောလေ့ရှိသည်။
ကျွန်တော် ကက်ထရီနာ မုန်တိုင်းအကြောင်းကိုသာ ပြောလိုသည်။ မုန်တိုင်းကြောင့် လူပေါင်းမြောက်မြားစွာ အိုးအိမ်ပျက်စီးရသည်။ ကြာရှည် ရေလွှမ်းမိုးသဖြင့် အိုးအိမ်များကို စွန့်ခွါခဲ့ကြရသည်။ နေစရာ အိုးအိမ်များကို ရှာရသည်မှာ မလွယ်ကူပါ။ အလုပ်အသစ် ရှာရ ပါသည်။ ကလေးများ ကျောင်းဖွင့်မည်ဖြစ်သောကြောင့် ကျောင်းထားရန် အတွက် စိတ်ပူရပါ သည်။ ဤသို့ ဒုက္ခပင်လယ်ဝေသည့်အထဲမှ ရုန်းထွက်ခွင့်ရရှိပြီး ၊ အလုပ်အကိုင်သစ် ၊ အိုးအိမ် သစ်ကို ပြန်လည်ထူထောင်နိုင်ကြသည်ကို တွေ့ရှိရသဖြင့် ဤအတွေ့အကြုံအတွက် ယုံကြည်မှု ပိုမိုခိုင်မြဲစေပါသည်။ ဤလောကတွင်နေထိုင်စဉ် ဆင်းရဲဒုက္ခသည် အနီးအနားမှာပင် ရှိပါသည်။ ထိုဒုက္ခ ဆင်းရဲမှ လွတ်မြောက်ရန် အကူအညီ အမအစသည်လည်း အနီးအနားမှာ ရှိပါသည်။ အရေးကြီးဆုံးမှာ ဘုရားသခင်ကို ယုံကြည်ကိုးစားရန် ဖြစ်ပါသည်။ ဤယုံကြည်ချက်သည် ကက်ထရီနာ မုန်တိုင်းမတိုက်ခင် နှင့် တိုက်ခတ်ပြီးနောက်လည်း အစဉ်ရှိနေပါသည်။ ထို့အတူ ဘုရားသခင်သည်သာ အသက်တာကို အောင်မြင်ခွင့်ပေးသော ဘုရားသခင်ဖြစ်ကြောင်း ဝေမျှ လိုက်ပါသည်။
ဖူးသဒါး (ကိုင်းပြင်ကြီး)
ဝန်ခံချက် ။ မတ်လထုတ်မေတ္တာတမန် မဂ္ဂဇင်းမှ ထုတ်နှုတ်တင်ပြသည်။

0 comments:

Post a Comment

Adsens