Headline

Tuesday 19 July 2011

ခရစ်ယာန်၏ ပျော်ရွှင်သောအသက်တာ၏ လျှို့ဝှက်ချက် 

သော့ချက်ကျမ်းပိုဒ်။  ဘုရားသခင်ကိုချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့ သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့ သိကြ၏။  (ရော၊ ၈း၂၈)


                ဒုက္ခပြသနာများသည် ဤဘ၀၏ တစိတ်တဒေသဖြစ်သည်။ ကျမ်းစာက ““လူသည် ဒုက္ခခံခြင်းငှာ မွေးဖွား၏””ဟု ဆိုသည်။ (ယောဘ ၅း ၇)
                တခါတရံ ခရစ်ယာန်များသည် သူတို့အား ပြဿနာများခက်ခဲမှုများနှင့် ကင်းဝေးအောင် ဘုရားသခင်က ပြုလုပ်ပေးမည်ဟု ယုံကြည် မျှော်လင့် ကြသော်လည်း ဘုရားသခင်က ထိုသို့ပြုလုပ်ပေးရန် ကတိ မပေးထားပါ။ ကယ်တင်ခြင်း မခံရသူများသာမက ခရစ်ယာန်များပါ ဒုက္ခပြသနာ စုံစမ်း နှောင့်ယှက်ခြင်းများနှင့် ဝေဒနာများကို ရင်ဆိုင်ကြုံတွေ့ခံစားရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဒုက္ခပြဿနာများနှင့် ရင်ဆိုင် ကြုံတွေ့သည့်အခါ၊ ကျွန်ုပ်တို့ ၏အတွင်းပိုင်းမှ ဒုက္ခပြသနာကို မည်သို့ မြင်သည့်အပေါ်တွင် မူတည်၍ အရှုံးအနိုင်ကို သတ်မှတ်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ထိုခက်ခဲမှု ပြသနာများကို လူအမြင်ဖြင့်သာမြင်ပါက ကျွန်ုပ်တို့သည် စိတ်ဓာတ်ကျကာ ရှုံးနိမ့်ကြမည်ဖြစ်သည်။ ထိုသို့ မဟုတ်ဘဲ အခြေအနေ အရပ်ရပ်တိုင်း၌ ဘုရားသခင်၏ အံ့သြဖွယ်ဇာတိတော်နှင့် လက်တော်ကိုမြင်၍ အသိအမှတ်ပြုပါက ဘုရားသခင်၏အမြင်အားဖြင့် ဒုက္ခပြသနာများကို မြင်ပါက ကျွန်ုပ်တို့သည် ငြိမ်သက်ခြင်း၊ ၀မ်းမြောက်ခြင်းနှင့် ပျော်ရွှင်မှုကိုခံစားရရှိမည်ဖြစ်သည်။



ကျွန်ုပ်တို့ သိရမည့်အရာ အချို့
                ပျော်ရွှင်သောခရစ်ယာန်အသက်တာကို ရရှိရန်အတွက် မည်သို့ပြုလုပ်အသက်ရှင်ရမည်ကို မကြည့်ကြမီ ကျွန်ုပ်တို့ သိရမည့်အရာအချို့ ရှိသည်။

(၁)        ဤဘ၀တွင် ဘာကိုရရှိရန် မျှော်လင့်နိုင်သည်ကို သိထားရမည်။
 ဘုရားသခင်၏ လူများကြားထဲတွင် ပျံ့နှံ့နေသော မှားယွင်းသော သင်ကြားမှုတခုရှိသည်။ ထိုသင် ကြားမှုများမှာ ““ယေရှုခရစ်တော်၏ နောက်လိုက်တဦးဖြစ်လာပါက သင်၏ဒုက္ခပြသနာအားလုံးသည် ပြီးဆုံးပျောက်ကွယ်သွားမည်ဖြစ်ပြီး ဘုရားသခင်သည် သင့်ကို မကျန်းမာမှုများမှ ကင်းဝေးစေပြီး မှန်သော အရာများကိုသာ သင်ယုံကြည်၍ အပိုင်ရယူပါက ဘုရားသခင်သည် သင့်ကိုအောင်မြင်အောင် လုပ်ပေးမည် ဟူ၍ဖြစ်သည်။ ကျမ်းစာထဲရှိ မည်သည့်နေရာ၌မျှ ဘုရားသခင်သည် ဤသို့ကတိမပေးထားပါ။ ယေရှုက ““သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြ လိမ့်မည်””ဟု ဆိုသည်။ (ယော ၁၆း ၃၃)
 ဒုက္ခပြသနာများသည် ဤဘ၀၏ တစိတ်တဒေသဖြစ်ပြီး မည်သူကမျှ မရှောင်ကွင်းနိုင်ပါ။ ကျမ်းစာက ““လူသည် မိန်းမဖွားသောသူဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့်ပြည့်စုံပါ၏။””ဟုဆိုသည်။ (ယောဘ ၁၄း ၁)
 ခရစ်ယာန်များသည် စုံစမ်းနှောက်ယှက်ခြင်းများ၊ ဝေဒနာများကို တွေ့ကြုံခံစားရရန် မျှော်လင့် ထားရမည်။ ကျမ်းစာက ““ယေရှုခရစ်၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌မွေ့လျော်နေခြင်းငှာ၊ အလိုရှိ သောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်””ဟု ဆိုသည်။ (၂တိ ၃း ၁၂)
ကျမ်းစာက ထပ်မံ၍ ““ငါတို့သည်များပြားသော ဆင်းရဲဒုက္ခခံ၍ ဘုရားသခင်၏နိုင်ငံသို့ ၀င်ရကြ မည်””ဟု ပြောထားသည်။ (တမန်၊ ၁၄း၂၂)



(၂)        ဘုရားသခင်သည် ကျွန်ုပ်တို့ကိုချစ်ပြီး ကျွန်ုပ်တို့ကို အကောင်းဆုံးအရာများကိုသာ ရစေလို သည်ကို သိထားရမည်။
 ကျမ်းစာက ဘုရားသခင်သည် သူ၏သားတော်ကိုချစ်သလိုမျိုး ကျွန်ုပ်တို့ကို ချစ်သည်ဟု ပြောထားသည်။ သူသည် ကျွန်ုပ်တို့ကို ဤသို့ ချစ်သောကြောင့် သူသည် ကျွန်ုပ်တို့အား အကောင်းဆုံးအရာများကို ရရှိစေလိုသည်။ ကျွန်ုပ်တို့က သိပ်မကောင်းသောအရာများကို ရပါက ကျေနပ်လျှင် တောင်မှ သူသည် ကျွန်ုပ်တို့အား အကောင်းတကာ အကောင်းဆုံး အရာများကိုသာ ကျွန်ုပ်တို့အတွက် ရှာဖွေပေးသည်။ ဒါဝိတ်သည် ဘုရားသခင်က သူ့ကို မည်မျှချစ်၍ သူ့အကျိုးအတွက် မည်မျှစဉ်းစားပေးသည့်ကြောင်းကို တွေးတောနေတုန်း ဤသို့အော်ဟစ်ပြောဆိုခဲ့သည်။ ““အိုဘုရားသခင် ကျွန်ုပ်၌ ကိုယ်တော်၏အကြံအစည် တို့သည် အလွန်ထူးဆန်ကြပါ၏။ အလွန်များပြားကြပါ၏။”” (ဆာလံ ၁၃၉း ၁၇)

(၃)        ကျွန်ုပ်တို့သည် ဤဘ၀၌ ကျွန်ုပ်တို့နှင့်ပတ်သက်၍ ဘုရားသခင်၏ ရည်မှန်းချက်ပန်းတိုင်ကို သိရမည်။
 ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့ကိုင်တွယ်၍ ပြုမူဆက်ဆံနေသည်ကို နားလည်နိုင်ရန်အတွက် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် ပတ်သက်၍ မည်သို့သောရည်မှန်းချက်များထားရှိသည်ကို သိရမည်။ သူ၏ ရည်မှန်းချက်မှာ ကျွန်ုပ်တို့ကို ပျော်ရွှင်ရန်နှင့် အောင်မြင်လာအောင် ပြုလုပ် ပေးရန်သာ မဟုတ်ပါ။ ဘုရားသခင်၏ ကျွန်ုပ်တို့အတွက် ရည်မှန်းချက်ပန်းတိုင်မှာ ကျွန်ုပ်တို့ကို သူသားတော်နှင့် သဏ္ဍာန်ချင်းတူညီ အောင် ပြောင်းလဲ ပေးရန်ဖြစ်သည်။ ကျမ်းစာက ““ဘုရားသခင်၏ သားတော်သည် အများသော ညီတို့တွင် သားဦးဖြစ်မည်အကြောင်း၊ ဘုရားသခင်သည် ရှေးမဆွကပင် သိတော်မူသောသူတို့ကို သားတော်၏ ပုံသဏ္ဍာန်နှင့်တညီတည်းဖြစ်စေခြင်းငှာ၊ ရှေးမဆွကခွဲခန့်မှတ်သားတော်မူ၏”” ဟုဆိုသည်။ (ရော ၈း ၂၉)
                ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ့သားတော်နှင့်တူညီလာအောင် မည်သို့ ပြောင်းလဲပေးသနည်း။ ကျွန်ုပ်တို့၏ဘ၀ အခြေအနေများနှင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပြောင်းလဲပေးသည်။ ဤသို့ပြောင်း လဲပေးရာ၌ စုံစမ်းနှောင့်ယှက်ခြင်းများ၊ ဒုက္ခပြဿနာများနှင့် ဝေဒနာများအးဖြင့် လည်း ပြောင်းလဲစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤဒုက္ခပြဿနာများ၊ ဝေဒနာများကို ရင်ဆိုင်ကြုံတွေ့ခံစားရရန် မျှော်လင့်ထား ရမည်ဖြစ်သည်။ အကြောင်းမှာ ကျွန်ုပ်တို့ကိုခရစ်တော်နှင့် တူလာစေရန်အတွက် ဘုရားသခင်က ဤအရာ များကို လိုအပ်၍အသုံးပြုသောကြောင့်ဖြစ်သည်။



ပျော်ရွှင်သောအသက်တာ ဆီသို့ ခြေလှမ်းများ
                ကျွန်ုပ်တို့၏ခရစ်ယာန်အသက်တာ၌ ပျော်ရွှင်ဝမ်းမြောက်ရန်နှင့် ဘုရားသခင်ကျွန်ုပ်တို့အတွက် ပြင်ဆင်ထားပေးသော အရာတို့ကို ၀င်ရောက် ခံစားနိုင်ရန်အတွက် ကျွန်ုပ်တို့သေသေချာချာ လှမ်းရမည့် ခြေလှမ်းအချို့ရှိသည်။ 

(၁) ဘုရားသခင်သည် အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်းကို ယုံကြည်ရမည်။
                ဘုရားသခင်သည် အချုပ်အခြာအာဏာပိုင်သည်ဟု ပြောသောအခါ၊ ဘုရားသခင်သည် ဤကမ္ဘာရှိ အရာအားလုံးနှင့် စကြ၀ဌာတခုလုံးကို အုပ်စိုးနေကြောင်းကို ပြောလိုခြင်းဖြစ်သည်။ ကောင်းကင်ပေါ်၊ မြေကြီးပေါ်၌ အခွင့်အာဏာ အပြည့်ရှိသူဖြစ်သည်။ သူလုပ်ဆောင်ရန် ရည်ရွယ်ထားသော အရာတို့ကို မလုပ် နိုင်အောင် မည်သူကမှ မတားဆီးနိုင်ပါ။ ကျမ်းစာက ““ကောင်းကင်ဗိုလ်ခြေတို့၌၄င်း၊ မြေကြီးသားတို့၌၄င်း၊ အလိုတော်ရှိသည်အတိုင်း စီရင်ပြုပြင်တော်မူ၍၊ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင်။””ဟူ၍ဆိုသည်။ (ဒံယေလ ၄း၃၅)
                အချိန်တိုင်း၊ နေရာတိုင်းတွင် ဘုရားသခင်သည် သူဖန်ဆင်းထားသောအရာများကို အုပ်စိုး၍ သူ၏ အချုပ်အခြာပိုင်မှု့ကို ပြသသည်။ ကျမ်းစာ က ၊ ““ထာဝရဘုရားသည် ကောင်းကင်မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲ ရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှကို ပြုတော်မူ၏။””ဟုဆိုသည်။ (ဆာလံ ၁၃၅း၆)
                ကျမ်းစာက အရာခပ်သိမ်းသည် ဘုရားသခင်၏ ““အစေခံများ”” ဖြစ်ကြသည်ဟုဆိုသည်။ တနည်းအားဖြင့် ဘုရားသခင်သည် သူ၏ ရည်ရွယ်ချက်များ ပြီးပြည့်စုံစေရန်အတွက် အရာခပ်သိမ်းကို အသုံးပြုသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့က လူကောင်းများနှင့် ဘ၀၏ကောင်းသော အရာများသာ ဘုရားသခင်ကို အစေခံကြသည်ဟု တွေးလေ့ရှိကြသည်။ သို့သော် ကျမ်းစာက ကောင်းသောအရာများ၊ ဆိုးသောအရာများ အပါအ၀င် အရာခပ်သိမ်းသည် ဘုရားသခင်၏အစေခံများဖြစ်ကြပြီး သူ၏အလိုတော် အတိုင်း လုပ်ဆောင်ရမည်ဟု ပြောထားသည်။
                ဆာလံ ၁၁၉ ၌ ဒါဝိဒ်က သူသည် သူ့အတွက် ““တွင်းတူး””ထားသော မာနကြီးသူများ၏ ““၀ါးမြိုခြင်းကို ခံရလုနီးပါး””ဖြစ်ခဲ့ကြောင်းနှင့် မှားယွင်းစွာညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်း ခံရကြောင်းကို ပြောထားသည်။ ဤသို့သော နှောင့်ယှက်ခြင်းများ၊ ဒုက္ခပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ နေရစဉ်တွင်ပင်၊ ““အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည်ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏။ သစ္စာတော်သည် လူမျိုး အဆက်ဆက်မြဲမြံပါ၏။ မြေကြီးကိုတည်စေတော်မူသဖြင့်၊ သူသည်အမြဲနေရပါ၏။ ခပ်သိမ်းသောအရာတို့ သည် ကိုယ်တော်၏ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင် အောင် အမြဲနေကြပါ၏။””ဟု ဆိုသည်။ (ဆာလံ ၁၁၉း၈၉-၉၁)
                ဒါဝိဒ်သည် ဤကြီးမြတ်သော အမှန်တရားကို နားလည်ခဲ့သည်။ ““အရာခပ်သိမ်းသည် ဘုရား သခင်၏ကျွန်(အစေခံ)ဖြစ်သောကြောင့် သူ၏ အလိုတော်အတိုင်း လုပ်ဆောင်ရမည်ဖြစ်သည်။ သဘာဝ တရား၏ရက်စက်ကြမ်းကြုတ် ပြင်းထန်သောအရာများတောင်မှ သူ့ကိုအစေခံ၍သူ၏ နှုတ်ကပတ်တော်ကို ပြီးပြည့်စုံစေရမည်ဖြစ်သည်။ ကျမ်းစာက ““မြေကြီး၌ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာအရပ်များ မီးနှင့် မိုဃ်းသီး၊ မိုးပွင့်နှင့် အခိုးအငွေ့၊ အမိန့်တော်ကို နားထောင်သော လေပြင်းမုန်တိုင်း.....””ဟုဆိုသည်။ (ဆာ ၁၄၈း၇-၈)
                အရာခပ်သိမ်းသည် ဘုရားသခင်၏ကျွန်များဖြစ်ကြသည်။ သဘာဝတရားသာမက လူများ၊ နိုင်ငံ များ၊  ဘုရင်များနှင့် အရာခပ်သိမ်းသည် ဘုရားသခင်၏ ထိန်းချုပ်မှု့အောက်၌ရှိနေသည်။ ကျမ်းစာက ““ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ဖြစ်၍၊ ထာဝရဘုရား၏လက်တော်၌ ရှိသဖြင့်၊ အလိုတော် ရှိသည်အတိုင်း လှည့်စေတော်မူ၏။””ဟုဆိုသည်။ (သုတ၊္တံ ၂၁း၁)
                ဘုရားသခင်သည် သူ၏အလိုတော်ကို ပြီးပြည့်စုံစေရန်အတွက် စာတန်နှင့်စာတန်၏ကျွန်များကို တောင်မှအသုံးပြုသည်။ သခင်ယေရှု၏ သေခြင်းကို ကြံစည်ခဲ့သူမှာ စာတန်ဖြစ်သည်။ ယေရှုအား သစ္စာဖောက်ရန် ယုဒ၏စိတ်နှလုံးအတွင်းသို့ ၀င်ရောက်ပြောဆိုခဲ့သူမှာလည်း စာတန်ဖြစ်သည်။ သခင်အား အသေသတ်ရန် လူအုပ်ကြီးအား အော်ဟစ်ပြောဆိုအောင် လှုံ့ဆော်ပေးသူမှာလည်း စာတန်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ လူသားကို ကယ်တင်မည့် အလိုတော်ပြီးပြည့်စုံစေရန်အတွက် စာတန်နှင့် သူ၏ ကောက်ကျစ်သောနောက်လိုက်များသည် အသုံးချခြင်းခံခဲ့ရသည်။


(၂) ဘုရားသခင်သည် ကောင်းမြတ်ကြောင်းကို ယုံကြည်ရမည်။
                စုံစမ်းနှောင့်ယှက်ခြင်းများနှင့် ခက်ခဲမှု့များသည် ကျွန်ုပ်တို့ထံရောက်လာချိန်တွင် စာတန်သည် သူ၏အတွေးမှားများကို ကျွန်ုပ်တို့၏ စိတ်နှလုံး ထဲ သို့ ထည့်ရန်ကြိုးစားသည်။ သူက ဤသို့ သင့်ကို အကြံ ပေးလိမ့်မည်။ ““ဘုရားသခင် သင့်ကိုတကယ်မချစ်ပါဘူး။ ကောင်းမြတ်သောဘုရားက ဘာကြောင့် ဤအရာ မျိုးကို ဘာကြောင့်ဖြစ်ခွင့်ပြုမှာလဲ””
                ကျွန်ုပ်တို့သည် စာတန်၏အတွေးမှားကို လက်ခံပါက ထိုအတွေးများသည် ကျွန်ုပ်တို့ကို စိတ်ဓါတ် ကျစေပြီး မိမိကိုယ်ကို သနားစေလိမ့်မည်။ ကျွန်ုပ်တို့၏အခြေအနေက မည်သို့ပင်ဖြစ်စေကာမူ ဤအရာ သည် မှန်ကန်သည်။ ကျမ်းစာက ““ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ဂရုဏာတော် အစဉ်အမြဲ တည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။””ဟု ဆိုသည်။ (ဆာလံ ၁၀၆း၁)
                Prairie Bible Institute ကိုတည်ထောင်သူ L.E. Maxwell ကစုံစမ်းနှောင့်ယှက်ခြင်းအချို့ကို ကျွန်ုပ်တို့ထံရောက်လာစေရန် ခွင့်ပြုပေးခြင်း၌ ဘုရားသခင်သည် ကောင်းမြတ်ကြောင်းကို ကျွန်ုပ်တို့ ယုံကြည်ခြင်းက ဘုရားသခင်သည် ကြီးမြတ်ကြောင်းနှင့် ကျွန်ုပ်တို့ကို ကြွယ်ဝစွာ ရွေးနှုတ် နိုင် ကြောင်း ကို ယုံကြည်နိုင်စေသည်။
                သူ့အရင်မွေးဖွားခဲ့သော အစ်ကို(၂)ယောက်နှင့် အမ(၁)ယောက်သည် ကိုယ်လက်အင်္ဂါစုံ၍ ကောင်းမွန်စွာ မွေးဖွားခဲ့သော်လည်း Charles Rentz မှာမူ လက်မောင်းနေရာမှာစ၍ တုံးတိဖြစ်နေပြီး ဒူးခေါင်းအောက်၌ ခြေနှစ်ချောင်းလည်း မပါလာပေ။ သူသည် ခရစ်စမတ်ရာသီတွင် မွေးဖွားခဲ့သည်။ ထိုခရစ်ယာန်မိသားစုသည် သူတို့၏အားလပ်ရက်ရာသီကို ဘုရားသခင်အား လမ်းပြပို့ဆောင်ပေးရန် အတွက်တောင်းခံသော ဆုတောင်းရာအချိန်ဖြစ်စေခဲ့သည်။ Charles ၏မိဘများက သူတို့၏သားသည် စိတ်ချို့ယွင်းမှု့မရှိကြောင်းကို သိသည်နှင့်တပြိုင်နက် ဖြစ်နိုင်သမျှ Charles ကိုအခြားကလေးများနှင့် တန်းတူ ရည်တူဆက်ဆံရန် ခိုင်ခိုင်မာမာဆုံးဖြတ်ခဲ့ကြသည်။ သူ့မိသားစု၊ မိတ်ဆွေများနှင့် ဆရာများက သူသည် အခြားသူများနှင့် မတူညီကွဲပြားစွာ ခံစားရတာမျိုး၊ လုပ်ဆောင်ရတာမျိုး မရှိရလေအောင် ကြိုးပမ်း ခဲ့ကြသည်။ သူတို့သည် သူ့ကိုတန်းတူရည်တူ ဆက်ဆံ၍““ဉဏ်ပညာရှိသူတဦးသည် ဘုရားသခင်၏ အလိုတော်ကို မေးခွန်းမထုတ်ပါ””ဟူ၍ သင်ကြားပေးခဲ့သည်။
                Charles သည်မကြာမီ သင်ယူသိရှိခဲ့သည်မှာ ““လူတိုင်းတွင် ရင်ဆိုင်ကြုံတွေ့ရမည် စိန်ခေါ်မှု့များ ရှိသည်။ မိမိတို့၏အသက်မွေးဝမ်းကျောင်း အလုပ်ကို အကောင်းဆုံးလုပ်ကိုင်ရာ၌ဖြစ်စေ၊ ဘုရားသခင်က သူ့အတွက်အကောင်းဆုံးဖြစ်မည်ဟု ယူဆ၍ပေးထားသော ဆုကျေးဇူးများအားဖြင့် ဘုရားသခင်အား အစေခံရာတွင်ဖြစ်စေ၊ ထိုသို့သော စိန်ခေါ်မှု့များနှင့် တွေ့ကြုံရမည်ကို နားလည်ခဲ့သည်။
                သူသည် သူ၏လက်မောင်းတုံးတိနှစ်ခုကြားတွင် ဘောပင်(သို့)ခဲတံကို ညှပ်၍သူ၏ပခုံးကိုလှုပ်ကာ စာရေးရန်ကြိုးပမ်းခဲ့သည်။ သူသည် ကောလိပ်ပညာရေးကို မသင်ယူခဲ့ရသော်လည်း သူသင်ယူနိုင်သမျှ အရာအားလုံးကို သင်ယူခဲ့သည်။ အကောင်းဆုံး သူသင်ယူခဲ့သည်အရာမှာ ဘုရားသခင်ကို ချစ်ရန်နှင့် ယုံကြည်ရန်ဖြစ်သည်။
                ယနေ့တွင် Charles သည် သူ၏နေ့စဉ်အသက်တာတွင် ကိုယ်ကာယပိုင်းအရ လုပ်ဆောင်ရန် လိုအပ်သောအရာအားလုံးကို လုပ်ဆောင် နိုင် သည်။ သူသည် ကားကိုကောင်းမွန်စွာ မောင်းနှင်နိုင်ပြီး ချိုင်းထောက်ဖြင့် လှေကားအတက်အဆင်းကိုလည်း ယုံကြည်ချက်အပြည့်ဖြင့် တက်ဆင်းနိုင်ပြီး မိမိ၏ ရုံးခန်းထဲရှိ သာမန်ထိုင်ခုံ၌လည်း ကောင်းမွန်စွာထိုင်နိုင်သည်။ သူသည် တယ်လီဖုန်းဆက်နိုင်၊ စာရိုက်နိုင်၊ အထောက်အကူပြုစက်ဖြင့် အသုံးပြုနိုင်၊ Piano တီးနိုင်သည်။ သူ၏အပေါ်ဆုံးအင်္ကျီကြယ်သီးကိုမတတ်နိုင်သည်ကလွဲ၍ အ၀တ်အစားကိုအစအဆုံး ကောင်းမွန်စွာ ၀တ်ဆင် နိုင်သည်။ သူ၏ လည်စီးကိုပင် မိမိဘာသာဝတ်ဆင်နိုင် သည်။ သူ့အိမ်(သို့)ရုံးခန်း၌ မည်သည်စက်ပစ္စည်းချို့ယွင်းပျက်စီးသည်ဖြစ်စေ၊ ယေဘုယျအားဖြင့် သူသည် မိမိဘာသာပြုပြင်နိုင်သည်။ သူ့လက်ရော၊ ခြေရောမရှိသည့်အချက်ကိုထည့်တွက်ပါက အထက်ပါအရာများသည်တမူထူးခြားသည်။
                Charles သည် ၀န်ဆောင်မှုဌာန၏၀န်ထမ်း၊ မော်တော်ကားအရောင်းဝန်ထမ်း၊ အာမခံ ကိုယ်စားလှယ်နှင့် သူ့မြို့နယ်တွင် တရား၏ တတ်စွမ်း သော စာရေးတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့သည်။ သူ့တွင် နှစ်လိုဖွယ်အိမ်တစ်လုံးနှင့် သစ္စာရှိသောမိသားစုတစ်စုရှိသည်။ သူ့မိန်းမက ““ကျွန်မဘ၀မှာ အကောင်းဆုံး အကျိုးဖြစ်ထွန်းစေတဲ့အရာကတော့ Charles နှင့်အတူနေရခြင်းပါပဲ”” ဟူ၍ရင်ဖွင့်ခဲ့သည်။
                ဤလူသည် ဘာကြောင့်ရဲစွမ်းသတ်္တိရေးရာ၌ စံတင်လောက်သူဖြစ်ခဲ့သနည်း။ Charles ကိုယ်တိုင်က ဤလျှို့ဝှက်ချက်ကိုပြောပြသည်။ ““ကျွန်ုပ်အပေါ် ကောင်းချီးများစွာသွန်းလောင်းပေးတဲ့ ကျွန်တော့်ရဲ့ ဖန်ဆင်းရှင်ကိုယုံကြည်ခြင်းအပေါ်မှာ ကျွန်တော့်ရဲ့ဘ၀တစ်ခုလုံးကို တည်ဆောက်ခဲ့ ပါတယ်။””

(၃) ဘုရားသခင်၏အလိုတော်သည် ပြီးပြည့်စုံစွာကောင်းမွန်သည်ကို ယုံကြည်ရမည်။
                ဘ၀တွင် ကျွန်ုပ်တို့ရှင်းမပြနိုင်သောဆန်းကြယ်မှုများစွာရှိနေသည်။ ခရစ်ယာန်များသည် အခြားသူ များနည်းတူ ကြေကွဲဝမ်းနည်းစရာများကို တွေ့ကြုံခံစားရမည်။ ကျွန်ုပ်တို့သည် အခြေအနေအရပ်ရပ်တို့ကို နားလည်နိုင်ရန်ခက်ခဲနေခြင်းမှာ ကျွန်ုပ်တို့သည်အခြေအနေတို့ကို လူ့အမြင်ဖြင့်သာ ကြည့်၍ ဘုရားသခင် မြင်သောအမြင်အားဖြင့် မကြည့်သောကြောင့်ဖြစ်သည်။ သို့သော် ဘုရားသခင်သည် အမှားမပြုလုပ်ပါ။ ဤ ကျဆုံးနေသောကမ္ဘာ၌ အရာရာတို့သည် မည်သို့ဖြစ်နေသည်ဖြစ်စေ၊ ဘုရားသခင်၏လုပ်ဆောင်မှုအားလုံးသည် ပြီးပြည့်စုံစွာကောင်းမွန်သည်။ သူ၏လုပ်ဆောင်ပုံနည်းလမ်းသည် ဒီထက်မကောင်းနိုင်တော့ပါ။ ကျမ်းစာက ““ဘုရားသခင်စီရင်တော်မူသောအမှုသည်စုံလင်သည်”” ဟုဆိုသည်။ (ဆာ ၁၈း၃၀)
                ပုံဥပမာတစ်ခုရှိသည်။ တစ်ခါက လူတစ်ဦးသည် နာရီတစ်လုံးကို တီထွင်ပြုလုပ်ပြီး နာရီကိုလုံးဝ မမြင်ဖူးသောသူ့မိတ်ဆွေကိုပြသခဲ့သည်။ နာရီကို ဒီဇိုင်းထွင်သူသည် နာရီ၏နောက်ဖုံးကိုဖွင့်၍ မိတ်ဆွေကို ပြပြီး ““နာရီပြုလုပ်သူဟာ ဘယ်လိုလူဖြစ်မလဲ”” ဟုမေးလိုက်သည်။ သူ့မိတ်ဆွေသည် ဦးတည်ချက် အမျိုးမျိုးဖြင့် လှည့်ပတ်နေသောဘီးသေး၊ ဘီးကြီးများနှင့် တစ်ချို့ဘီးကြီးများက လျင်မြန်စွာလှည့်ပတ်နေ ၍တစ်ချို့ကနှေးကွေးစွာ လှည့်ပတ်နေပုံကိုမြင်သောအခါ ဤသို့မှတ်ချက်ချခဲ့သည်။ ““ဒီနာရီပြုလုပ်သူဟာ အရူးပဲဖြစ်ရမယ်။””
                ထို့နောက် နာရီပြုလုပ်သူသည် နာရီ၏ရှေ့ဘက်ကို သူ့မိတ်ဆွေအားပြ၍ ““ကဲအခု၊ နာရီပြုလုပ်သူ ဟာ ဘယ်လိုလူဖြစ်မလဲ”” ဟု ထပ်မေး လိုက်သည်။ မိတ်ဆွေဖြစ်သူသည် နာရီ၏အရှေ့ဘက်တွင် နာရီလက်တံနှစ်ခုသည် ဒိုင်ခွက်ပေါ်တွင်စည်းချက်ကျစွာ၊ ချောမွေ့စွာ ရွေ့လျားနေပြီး နေ့တစ်နေ့၏အချိန် ကိုတိကျစွာပြသနေပုံကို မြင်တွေ့သောအခါ ““ဒီနာရီကိုပြုလုပ်သူဟာ ဤကမ္ဘာပေါ်မှာ ပညာအရှိဆုံးလူပဲ ဖြစ်ရမယ်”” ဟူ၍ မှတ်ချက်ချခဲ့သည်။
                ဤပုံဥပမာသည် ဘ၀အသက်တာနှင့်စပ်လျဉ်း၍ အကြီးမြတ်ဆုံးအမှန်တရားကို ကျွန်ုပ်တို့အား သင်ကြားသိရှိစေရန် ကူညီပေးသည်။ ကျွန်ုပ်တို့သည် ဤကမ္ဘာပေါ်ရှိစဉ်ကာလ၌ ကမ္ဘာဘက်ခြမ်းရှိ ဘုရား သခင်၏လုပ်ဆောင်မှုများကိုသာမြင်သောကြောင့် သူ၏ပြီးပြည့်စုံသောဒီဇိုင်းနှင့် အစီအစဉ်ကို မမြင်နိုင်ကြပါ။ ““ဘီးများ””သည် ဦးတည်ချက်အမျိုးမျိုးဖြင့် ရွေ့လျားနေပြီး တစ်ခါတစ်ရံဦးတည်ချက်နှင့်ဒီဇိုင်းပင် မရှိဟုထင်ရသည်။ သို့သော်တစ်နေ့တွင် ကျွန်ုပ်တို့သည် ကောင်းကင်ဘုံဘက်ခြမ်းမှ ဘုရားသခင်၏ လုပ်ဆောင်မှုတို့ကိုမြင်တွေ့နိုင်မှာဖြစ်ပြီး ကျွန်ုပ်တို့၏ဘ၀အတွက် သူ၏ပြီးပြည့်စုံသောဒီဇိုင်းနှင့်အစီအစဉ် ကိုနားလည်ကြသောအခါ ““သခင်၊ ကိုယ်တော်ကိုချီးမွမ်းကျေးဇူးတင်လိုပါ၏။ သခင်၏စီရင်တော်မူချက် တို့သည် ဧကန်အမှန်ပင် ပြီးပြည့်စုံပါသည်။”” ဟုပြောကြမည်ဖြစ်သည်။

(၄) ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အလိုကို ဘုရားသခင်ထံ အရှုံးပေး အပ်နှံရမည်။
                ကျွန်ုပ်တို့၏ခံစားချက်များ(Feelings)၊ ဆန္ဒများ(Desires)၏နောက်ကွယ်၌ အရာရာတိုင်းကို ဆုံးဖြတ်ချုပ်ထိန်းသော အရာတစ်ခုသည် ကျွန်ုပ်တို့အတွင်း၌ရှိသည်။ ထိုအရာမှာအဘယ်နည်း။ ကျွန်ုပ်တို့၏စိတ်အလို(WILL)ဖြစ်သည်။ သမ္မာကျမ်းစာအခေါ် ““စိတ်နှလုံး”” (သို့) ကျွန်ုပ်တို့၏ စိတ်အလို(WILL)သည် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာ တစ်ခုလုံးကို မြဲမြံစွာချုပ်ထိန်းထားသည်။ ကျွန်ုပ်တို့အား တခုခုကို ဆုံးဖြတ်စေ၍ ပြုလုပ်သောအရာမှာ ကျွန်ုပ်တို့၏ ခံစားချက်များနှင့် တောင့်တချက် များမဟုတ်ပါ။ ကျွန်ုပ်တို့၏အလို(WILL) ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို လုံးလုံး လျားလျား ထိန်းချုပ်နိုင်ရန် အတွက် သူသည် ကျွန်ုပ်တို့၏အလို(WILL) ကို ပိုင်ဆိုင် ထားရမည်။ ဘုရားသခင်က ““ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့”” ဟုပြောသောအခါ၊ ကျွန်ုပ်တို့၏အလို(WILL)ကို သူ့အား အရှုံးပေးအပ်နှံရန် ပြောနေခြင်း ဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ခံစားချက်များနှင့် တောင့်တ ချက်များကို ပေးရန် မတောင်းဆိုပါ။ ကျွန်ုပ်တို့၏စိတ်အလို(WILL)ကိုသာ သူအလိုရှိသည်။
                ဘုရားသခင်၏အလိုတော်သည်သာ ကျွန်ုပ်တို့အတွက် အကောင်းဆုံးဖြစ်သော်လည်း သူ့အလိုအတိုင်း အတင်းအကြပ် မလုပ်ဆောင်စေပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏လွတ်လပ်သောအလိုကို ကျွန်ုပ် တို့ထံမှ မယူဆောင်သွားပါ။ သို့သော်ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အလိုကို ဘုရားသခင်ထံ အရှုံးပေး မအပ်နှံပါက ကျွန်ုပ်တို့၏ဘ၀အတွက် သူ၏ပြီးပြည့်စုံသော အစီအစဉ်ကို လက်လွှတ်ကြရမည်။
                ကျွန်ုပ်တို့အလိုကို ဘုရားသခင်ထံသို့ အရှုံးပေး အပ်နှံခြင်းဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ဆိုလိုသည် မှာ ဘုရားသခင်အလိုရှိသော အရာရာတိုင်း ကို အချိန်တိုင်း၌ ကျွန်ုပ်တို့ကလည်း အလိုရှိကြခြင်းဖြစ်သည်။ ဤသို့အလိုရှိခြင်းသည် ကျွန်ုပ်တို့ဘ၀အတွက် ဘုရားသခင်၏အစီအစဉ်ကို ပြုလုပ်ပေးရန် အခွင့်ပေး ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကြီးမြတ်သော အစေခံတစ်ဦးက ““ကျွန်ုပ်တို့၏အလိုကို ကိုယ်တော်၏ အလိုအတိုင်း ဖြစ်တော်မူပါ””ဟူ၍ ဆုတောင်းခဲ့သည်။


(၅)        ဘုရားသခင်ကိုချစ်သောသူတို့၏အကျိုးစီးပွားအတွက် အရာရာတိုင်းက အတူတကွလုပ်ဆောင် လျက်ရှိသည်ကို ယုံကြည်ပါ။
 ဘုရားသခင်၏သားသမီးတဦး၏ ဘ၀၌ ဖြစ်ပျက်သမျှအရာအားလုံးတို့သည် မတော်တဆဖြစ်ခြင်း မဟုတ်ပါ။ ဘုရားသခင်က ဤအရာတို့ကို ကျွန်ုပ်တို့ဘ၀၌ ဖြစ်ပျက်စေရန် ညွှန်ကြားထား၊ ခွင့်ပြုထားသောကြောင့် ဤအရာတို့ ဖြစ်ပျက်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ဘ၀၌ ဖြစ်ပျက်သမျှ အရာ အားလုံး တို့သည် ကျွန်ုပ်တို့၏ ထာဝရကာလအကျိုးစီးပွားအတွက် အတူတကွ လုပ်ဆောင်ပေးကြသည်။ ကျမ်းစာက ““ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့ သိကြ၏။””ဟုဆိုသည်။ (ရော ၈း၂၈)
 ဘုရားသခင်သည် အချုပ်အချာအာဏာပိုင်သူဖြစ်သောကြောင့် ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်ကို ချစ်သောသူတို့အဖို့ တညီ တညွတ်တည်းလုပ်ဆောင်ကြသည်ကို ကျွန်ုပ်တို့ သေချာသိနိုင်သည်။ အရာခပ်သိမ်းတို့သည် သူ၏ကျွန်များဖြစ်သောကြောင့် ဘုရားသခင်သည် အရာ ခပ်သိမ်းကို သူချစ်သောသူ များအား အစေခံကြရန် ညွှန်ကြားထားသည်။ ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက် အရာခပ်သိမ်းတို့က မည်သို့ လုပ်ဆောင် နေကြသည်ကို ကျွန်ုပ်တို့မမြင်နိုင်သော်လည်း သိနိုင်သည်။ ဘုရားသခင်က ထိုသို့ ပြောထားသောကြောင့် ဖြစ်သည်။

(၆)        ဘုရားသခင်၏လက်တော်မှ အရာအားလုံးကို ကျွန်ုပ်တို့ လက်ခံရမည်။
 ဘုရားသခင်ကို ယုံကြည်သော သားသမီးတဦးသည် မည်သူက သူ့ထံသို့ ယူဆောင်လာသည်ဖြစ်စေ သူလက်ခံရရှိသောအရာအားလုံးသည် ဘုရားသခင်ဆီမှသာ လာသည်။ သင်က ဤသို့ပြောလိမ့်မည်။ ““ကျွန်ုပ်ထံသို့ရောက်လာသောအရာတခုသည် ဘုရားသခင်ဆီမှလာတာ သေချာပါက လက်ခံနိုင်သည်။ သို့သော် အခြားသူတဦး၏ ပျက်ကွက်မှုများ၊ စိတ်ပုပ်မှုနှင့် အပြစ်ကြောင့် ကျွန်ုပ်ထံရောက်လာပါက လက်မခံနိုင်ပါ။””
 ဘုရားသခင်သည် ထိုသို့သော ပျက်ကွက်မှုများ၊ အပြစ်များကို ဖန်တီးသူမဟုတ်ကြောင်းကို သိကြ ပါသည်။ သို့သော် ကျမ်းစာက ““ဘုရားသခင်က ဖြစ်စေရန်အလိုမရှိ၊ ဖြစ်ခွင့်မပေးပါက ဘုရားသခင်၏ သားသမီးတဦး၏ဘ၀၌ မည်သည့်အရာမျှ မဖြစ်ပျက်ပါ””ဟူ၍ပြောထားသည်။ အကယ်၍ ဘုရားသခင်သာ တစုံတခုကို ဖြစ်စေရန် အလိုရှိ၍ ဖြစ်ခွင့်ပေးခြင်းမှာ ထိုအရာသည် သူ့သားသမီးအတွက် အထွဋ်အထိပ် ကောင်းချီး မင်္ဂလာ တခု ဖြစ်သည်ဟု သူကမြင်သာသောကြောင့်ဖြစ်သည်။
 ကျမ်းစာက ကျွန်ုပ်တို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌  ၀ှက်ထားလျက်ရှိသည်ဟု ဆိုသည်။(ကော၊ ၃း၃) ဘုရားသခင် ကိုယ်တိုင်က ကျွန်ုပ်တို့နှင့်အတူရှိပြီး ကျွန်ုပ်တို့ကို ၀န်းရံထားသည်။ ဘုရားသခင် ခွင့်မပြုဘဲ ဘယ်အရာကမှ ကျွန်ုပ်တို့ကို မထိနိုင်ပါ။ ကျွန်ုပ်တို့ထံ မလာ နိုင်ပါ။ အကယ်၍ သူသည် တစုံ တခုကိုလာရန် ခွင့်ပြုပါက၊ ထိုအရာသည် ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက် လုပ်ဆောင်ပေးမည်ဟု သူမြင်သော ကြောင့် ဖြစ်သည်။ ထိုအရာသည် ဆိုးရွားသောလူများထံမှ လာခြင်းလည်းဖြစ်နိုင်ပြီး ကျွန်ုပ်တို့ကို မကောင်းဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ထိုအရာကို လုပ်ခြင်း လည်း ဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က ခွင့်ပြု၍ ထိုအရာသည် ရောက်လာပါက ကျွန်ုပ်တို့ထံ ရောက်လာချိန်တွင် ထိုအရာသည် ကောင်းချီး တခု ဖြစ်လိမ့်မည်။
                ယောသပ်ကို ဥပမာအနေဖြင့်ကြည့်ပါ။ သူ့အစ်ကိုများက သူ့ကိုမုန်းတီး၍ ကျွန်အဖြစ်ရောင်းစားသော ဖြစ်ရပ်မျိုးထက် သာ၍ဆိုးရွားသော ဖြစ်ရပ် အနည်းငယ်သာရှိလိမ့်မည်။ ယောသပ်၏အစ်ကိုများသည် သူ့ကို မကောင်းဖြစ်စေလိုသည်မှာ သံသယရှိစရာမလိုသလို ထိုအရာသည် အပြစ် ဖြစ်သည်။ သို့သော် ဘုရားသခင် သည်ထိုအရာကိုဖြစ်ခွင့်ပြုခဲ့ပြီး ယောသပ်ထံသို့ ထိုအရာရောက်ရှိလာချိန်တွင် ထိုအရာသည် သူ့အတွက် ဘုရားသခင် အလိုတော်ဖြစ်လာသည်။ ထိုအရာသည် သူ့ဘ၀တွင် အကြီးမားဆုံးသောကောင်းချီးအဖြစ် ပြောင်းလဲသွားသည်။ ယောသပ်သည် ထိုအချိန်က ထိုအရာကို မမြင်ခဲ့ပါ။ အချိန်တန်သောအခါ ယောသပ်သည် ထိုဖြစ်ရပ်တစ်ခုလုံး၌ ဘုရားသခင်၏ကောင်းချီးချပေးသောလက်တော်ကိုမြင်လာပြီး သူ့အစ်ကိုများကို ““သင်တို့သည် ကျွန်ုပ်ကိုညင်းဆဲမည်ကြံသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်း လူများ အသက်ချမ်းသာစေခြင်းငှာ၊ ကျေးဇူးပြုတော် မူ၏။”” ဟုပြောခဲ့သည်။ (ကမ္ဘာ ၅၀း၂၀)

(၇) ကျွန်ုပ်တို့သည် ကျေးဇူးတော်ကို ချီးမွမ်းရမည်။
                ဘုရားသခင်သည် ကျွန်ုပ်တို့ကိုကိုင်တွယ်၍ ပြုမူဆက်ဆံခြင်းအားလုံးတို့၌ ကျွန်ုပ်တို့သည် သူ့အား ယုံကြည်ကြရန် သင်ကြားပေးနေသည်။ ကျွန်ုပ်တို့၏ ဘ၀အခြေအနေအရပ်ရပ်တို့၌ ဘုရားသခင်ကို ယုံကြည်ကြောင်းကို ကျေးဇူးတော်ချီးမွမ်းခြင်းအားဖြင့် သက်သေပြနိုင်သည်။ ကျမ်းစာက ““အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှာ၊ ဘုရားသခင် အလိုတော်ရှိ၏။”” ဟုဆိုသည်။ (၁သက် ၅း၁၈)

ခရစ်ယာန်အသက်တာပျော်ရွှင်မှုလျှို့ဝှက်ချက်
ခရစ်ယာန်အသက်တာပျော်ရွှင်မှု၏လျှို့ဝှက်ချက်မှာ အဘယ်နည်း။ အတိုချုပ်၍ပြောပါက ““ကျွန်ုပ် တို့၏ဘ၀အခြေအနေ အရပ်ရပ်တို့၌ ဘုရားသခင်ကိုမြင်ခြင်း”” ဖြစ်သည်။
                ဤဘ၀တွင် ကျွန်ုပ်တို့အတွက် ရွေးချယ်ရမည့်အရာအမြဲတမ်းနှစ်ခုရှိသည်။ မိမိအမြင်အားဖြင့် လျှောက်လှမ်းရန်ရွေးချယ်နိုင်သလို ယုံကြည် ခြင်းအားဖြင့် လျှောက်လှမ်းရန်လည်း ရွေးချယ်နိုင်သည်။ မိမိ အမြင်အားဖြင့်အသက်ရှင်သည်ဆိုသည်မှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အခြေအနေ တို့ကို ကြည့်ပြီး ကျွန်ုပ်တို့မြင်သောအရာများအားဖြင့် လျှောက်လှမ်းသည်ကိုဆိုလိုသည်။ ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်းသည် ဆိုသည်မှာ ကျွန်ုပ်တို့၏ အခြေအနေတို့ကိုကျော်ကြည့်၍ နောက်ကွယ်၌ဘုရားသခင်၏ လုပ်ဆောင်နေမှုအား မြင်ခြင်းကိုဆိုလိုသည်။
                ဘာကိုဆိုလိုလဲဆိုတာကို ဥပမာပေးပြီး ဖော်ပြပါမည်။ သင်သည် လှပ၍တောင်တန်းရှုမျှော်ခင်းကို မြင်နိုင်သောပြတင်းပေါက်တစ်ပေါက်တွင် ထိုင်နေသည်ဆိုပါစို့။ သင်လုပ်နိုင်သည့်အရာနှစ်ခုရှိသည်။ သင်သည် ပြတင်းပေါက်ကိုသာကြည့်၍ အနာအဆာများ၊ မပြည့်စုံမှုများနှင့် ပြည့်နှက် လျက် ရှိသော ပြတင်း မှန်ကိုသာ စိုက်ကြည့်နေနိုင်သည်။ ထိုသို့မဟုတ်ပါက သင်သည် ပြတင်းမှန်ကိုထွင်းဖောက်၍ကြည့်ပါက ဘုရားသခင်၏ ဖန်ဆင်းခြင်း လက်ရာ ရှုမျှော်ခင်းကိုမြင်တွေ့ခံစားနိုင်သည်။
                ကျွန်ုပ်တို့၏ဘ၀အခြေအနေတို့၌ ကျွန်ုပ်တို့သည် မိမိအမြင်အားဖြင့်သာလျှောက်လှမ်းရန် ရွေးချယ် ပါက၊ ကျွန်ုပ်တို့တွင် ဖြစ်ပျက်နေသော အခြေအနေတို့ကိုသာမြင်ရမည်ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်းရန်ရွေးချယ်သောအခါတွင်မူ၊ ကျွန်ုပ်တို့၏အခြေအနေတို့ကို ကျော်၍ ကြည့်ခြင်းအားဖြင့် ဘုရားသခင်၏လုပ်ဆောင်မှုကို မြင်တွေ့နိုင်မည်ဖြစ်သည်။
                ယုံကြည်ခြင်းဆိုသည်မှာ စိတ်ခံစားမှုတစ်ခုမဟုတ်ပါ။ ယုံကြည်ခြင်းဆိုသည်မှာ နှုတ်ကပတ်တော် ထဲတွင်ဘုရားသခင်ပြောထားသောအရာကို ယုံကြည်ရန်အတွက် ကျွန်ုပ်တို့စိတ်အလို၏ရွေးချယ်မှုဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် အခြေအနေတို့က မည်သို့ပင်ဖြစ်စေကာမူ သူ့အလိုတော်သည် ကောင်းမွန်ပြီးပြည့်စုံပြီး သင့်အတွက် အကောင်းဆုံးဖြစ်သည်ကို ယုံကြည်နိုင်သည်။ ယုံကြည်ခြင်းအားဖြင့် အရာခပ်သိမ်းသည် သူ၏ကျွန်များ ဖြစ်ကြ သည်ကို ယုံကြည်နိုင်သည်။ ယုံကြည်ခြင်းအားဖြင့် သင်၌ဖြစ်ပျက်သောအရာအားလုံး အတွက် သူ့ကိုကျေးဇူးတင်နိုင်သည်။ ယုံကြည်ခြင်းအားဖြင့် ““အရာခပ်သိမ်းသည် ကျွန်ုပ်တို့၏ထာဝရ ကာလအကျိုးအတွက် အတူတကွလုပ်ဆောင်လျက်ရှိသည်ကို ကျွန်ုပ်သိသည်။”” ဟုပြောနိုင်သည်။
                စင်္ကြာဝဠာတစ်ခုလုံးသည် သူ့လက်တော်အတွင်း၌ရှိသည်ကို ကျွန်ုပ်တို့နားလည်လာကြပြီဖြစ်သည်။ အရင်က ဤကမ္ဘာထဲရှိအရာ အားလုံး သည် သူ့အလိုတော်မရှိလျှင် တစ်လက်မမျှ မရွေ့ဟုဆိုသောအချက်ကို နားလည်နိုင်ရန်ခက်ခဲသည်။ သို့သော် ယခုတွင်မူစကြ၀ဠာရှိ သဘာဝထက် လွန်ကဲသောအရာများ အပါ အ၀င်အရာရာတိုင်းကို သူသည် စေ့စေ့စပ်စပ်ကြည့်ရှု၍ လိမ္မာပါးနပ်စွာစီစဉ်ထားသည်ကိုသိကြသည်။ အရာ ခပ်သိမ်းသည် သူမှာကြား၍ဖြစ်စေ၊ သူခွင့်ပြု၍ဖြစ်စေ၊ ကျွန်ုပ်တို့ထံရောက်လာကြသည်ကို ကျွန်ုပ်တို့ အသိ အမှတ်ပြုကြသည်။
                သခင်၏အခွင့်အာဏာတော် အုပ်စိုးခြင်းခံရသော စိတ်နှလုံးသည် ငြိမ်သက်ခြင်းရှိသော စိတ်နှလုံး ဖြစ်သည်။ တစ်ချိန်က ကျွန်ုပ်တို့သည် အလုပ်များစွာကိုလုပ်ရန် အစီအစဉ်ဆွဲခဲ့သော်လည်း၊ ယနေ့တွင်မူ သခင်ကိုသာ တည်ငြိမ်အေးဆေးစွာယုံကြည်သည်။ “တစ်ချိန်က ကျွန်ုပ်တို့တွင် အကြံ အစည်များ၊ အစီအစဉ်များ၊ ကျွန်ုပ်တို့၏ကိုယ်ပိုင်ရည်မှန်းချက်များရှိခဲ့သော်လည်း ယခုတွင်မူ ဘုရားသခင်၏အလိုတော်သည်သာ ကျွန်ုပ်တို့အတွက် အကောင်းဆုံးဖြစ်သည် ဟုခံယူပြီး သူ့အနီးအပါး၌ အနားယူခိုလှုံကြသည်” (Watchman Nee)။ “သူသည် အလုံးစုံတို့ကို လျှောက်ပတ်စွာ ပြုတော်မူပြီ။” (မာ၊ ၇း၃၇)

ရှာဖွေတွေ့ရှိသော ရတနာ
 ပျော်ရွှင်သောအသက်တာ၏လျှို့ဝှက်ချက်သည် ကျွန်ုပ်တို့၏ဘ၀အခြေအနေ အရပ်ရပ်တို့၌ ဘုရားသခင်ကို မြင်ခြင်း ဖြစ်သည်။
မေးခွန်းများ
မှန်/မှား

(၁) ပျော်ရွှင်သောခရစ်ယာန်အသက်တာကို ရရှိရန်ခြေလှမ်းစတင်မလှမ်းမီ၊ ဤဘ၀၌ကျွန်ုပ်တို့သည် ဘာကိုရရှိရန် မျှော်လင့်နိုင်သည်ကိုသိထားရမည်။
(၂) ဤဘ၀၌ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ရည်မှန်းချက်ပန်းတိုင်မှာ ကျွန်ုပ်တို့အားပျော်ရွှင်စေရန် ဖြစ်သည်။
(၃) ဘုရားသခင်သည် အမြဲတမ်း အချုပ်အခြာအာဏာ ပိုင်သူဖြစ်သည်။
(၄) တစ်ခါတစ်ရံဆိုးသောအရာများသည် ကျွန်ုပ်တို့ဘ၀၌ဖြစ်ပျက်သော်လည်း၊ ထိုသို့ဖြစ်ပျက်ခြင်းသည် ဘုရားသခင်နှင့်မသက်ဆိုင်ပါ။
(၅) အတိုချုပ်ပြောပါက၊ ခရစ်ယာန်အသက်တာပျော်ရွှင်မှု၏လျှို့ဝှက်ချက်မှာ ကျွန်ုပ်တို့တွင်ဖြစ်ပျက်နေသော အခြေအနေအရပ်ရပ်တို့၌ ဘုရားသခင်ကို မြင်ခြင်းဖြစ်သည်။
(၆) ကျွန်ုပ်တို့၏ခံစားချက်များ၊ စိတ်ခံစားမှုများ၏နောက်ကွယ်၌၊ အရာရာတိုင်းကိုဆုံးဖြတ်ထိန်းချုပ်သော အရာတစ်ခုသည် ကျွန်ုပ်တို့အတွင်း၌ရှိသည်။ ထိုအရာမှာအဘယ်နည်း။
(၇) ဘုရားသခင်သည် ကျွန်ုပ်တို့၏ခံစားချက်များအားသူ့ထံတွင် အရှုံးပေး အပ်နှံစေလိုသည်။
(၈) ခရစ်ယာန်တစ်ဦး၏ အသက်တာအတွင်းသို့ဝင်ရောက်လာသောအရာများသည် မတော်တဆ၀င်ရောက် လာခြင်းမဟုတ်ပါ။
(၉) ကျွန်ုပ်တို့ဘ၀တွင် ဖြစ်ပျက်နေသောအရာရာတိုင်းအတွက် ဘုရားသခင်အားကျေးဇူးတင်ခြင်းအားဖြင့် သူ့ကို ယုံကြည်ကြောင်းကို သက်သေ ပြနိုင်သည်။
(၁၀) ယုံကြည်ခြင်းဆိုသည်မှာ နှုတ်ကပတ်တော်ထဲတွင် ဘုရားသခင်ပြောထားသောအရာကို ယုံကြည်ရန် အတွက် ကျွန်ုပ်စိတ်နှလုံး အလို၏ ရွေးချယ်မှု ဖြစ်သည်။

ရဲလင်းထွန်း(အင်းစိန်)

 

 

0 comments:

Post a Comment

Adsens